နျူကလီးယားဓာတ်ပေါင်းဖို အချို့ ပြန်လည်ပတ်ရန် ဂျပန်ပြင်ဆင်

ဓာတ်ပုံ - Bloomberg
2.1K
၂၀၁၁ ခုနှစ် မြေငလျင်ကြောင့် ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲမှုဖြစ်ပြီး ရပ်နားထားခဲ့တဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတချို့ကို ဂျပန်အစိုးရက ပြန်လည် လည်ပတ်ဖို့ ပြင်ဆင်မှုတွေ လုပ်နေပါပြီ။
ပထမဆုံးတလုံးအဖြစ် လျှပ်စစ်မီဂါဝပ် ၈၉၀ ထုတ်လုပ်နိုင်တဲ့ ဆန်ဒိုင်းအီ (Sendai) အမှတ် ၁ ဓာတ်ပေါင်းဖိုကို ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့က စတင်ပြီး လောင်စာချောင်းတွေ ပြန်ထည့်နေတာပါ။
ဇူလိုင် ၁၀ ရက် ဒီနေ့မှာ လိုအပ်တဲ့ လောင်စာချောင်း ၁၅၇ ချောင်းကို ထည့်ပြီး ပြန်မလည်ပတ်ခင် နောက်ဆုံး စစ်ဆေးမှုတွေ လုပ်မယ့်ကို ကျူရှူး (Kyushu) လျှပ်စစ်ကုမ္ဗဏီက ဆိုပါတယ်။
ဖူကူရှီးမားဓာတ်ပေါင်းဖို ပေါက်ကွဲမှု ဖြစ်ပြီးကတည်းက ဂျပန်ပြည်သူတွေအကြားမှာ နျူကလီးယား စွမ်းအင်ထုတ်လုပ်မှုကို အကြီးအကျယ် ဆန့်ကျင်ကန့်ကွက်ရှိနေတာပါ။
ဒါပေမယ့် လက်ရှိ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးကတော့ နိုင်ငံစီးပွားရေးအတွက် ဒီစွမ်းအင်ဟာ အခြေခံ ကျနေတဲ့အတွက် တချို့ကို ပြန်လည်လည်ပတ်ဖို့ ကြိုးစားတာလို့ ပြောဆိုပါတယ်။
ကျူရှူး လျှပ်စစ်ကုမ္ပဏီဟာ နျူကလီးယားဓာတ်ပေါင်းဖိုကို မလည်ပတ်ရလို့ စွမ်းအင်လိုအပ်ချက်အတွက် ပြည်ပက ရုပ်ကြွင်းလောင်စာတွေနဲ့ တင်သွင်းပြီး လည်ပတ်နေရတဲ့အတွက် လစဉ် အရှုံးပေါ်နေတာပါ။
ပြင်ဆင်စစ်ဆေးမှုတွေ လုပ်ပြီး လာမယ့် သြဂုတ်လလယ်မှာ ဓာတ်ပေါင်းဖို ၁ ကို စတင်လည်ပတ်ပြီး ဓာတ်ပေါင်းဖို ၂ ကိုတော့ အောက်တိုဘာလလယ်မှာ စတင်လည်ပတ်မယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
ဂျပန် နျူကလီးယားဓာတ်ပေါင်းဖိုတွေကို ပြန်လည် လည်ပတ်မယ်လို့ ဆိုပေမယ့် ဓာတ်ပေါင်းဖိုတွေဟာ ၄ နှစ်ကြာလောက် ရပ်နားထားရလို့ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ၊ ဒေသခံတွေရဲ့ ဆန့်ကျင် ကန့်ကွက် ဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်နေရတာပါ။
ဂျပန်ပြည်တွင်းလျှပ်စစ်ထုတ်လုပ်ရေး ကုမ္ပဏီတွေဟာ နိုင်ငံရဲ့ လတ်တလော လျှပ်စစ်လိုအပ်ချက်ကို မပြတ်ဖြည့်ဆည်းပေးနိုင်ဖို့ ပြည်ပက ရုပ်ကြွင်းလောင်စာတွေနဲ့ လည်ပတ်နေရပြီး အဲဒီက ဘေးထွက်ဆိုးကျိုးတွေ အတွက်လည်း ကုန်ကျခံ ရှင်းနေရတာကြောင့် နှစ်စဉ် ဘီလီယံနဲ့ချီပြီး အရှုံးပေါ်နေတာ ဖြစ်ပါတယ်။