Home
မြန်မာသတင်း
မလေးရှားနယ်စပ်တွင် တရားမ၀င် ရွှေ့ပြောင်းမြန်မာ ၂၂ ဦး ဖမ်းမိ
DVB
·
July 10, 2015
မလေးရှားနိုင်ငံထဲကို တရားမ၀င် ၀င်ရောက်ဖို့ စောင့်ဆိုင်းနေတဲ့ ရွှေ့ပြောင်းမြန်မာနိုင်ငံသား ၂၂ ဦးကို မလေးရှား-ထိုင်း နှစ်နိုင်ငံ နယ်စပ်က ချူပင်းဒေသမှာ ဖမ်းဆီးရမိခဲ့တယ်လို့ မလေးရှားနိုင်ငံ အခြေစိုက် ဘာနားမားသတင်းမှာ ဖော်ပြပါတယ်။ တရားမ၀င် ရွှေ့ပြောင်းမြန်မာနိုင်ငံသား ၂၂ ဦးထဲမှာ အမျိုးသမီးတဦး ပါဝင်ပြီး အသက် ၁၆ နှစ်ကနေ ၃၇ နှစ်ကြားတွေ ဖြစ်ကြပါတယ်။ သူတို့ကို မလေးရှား-ထိုင်း နှစ်နိုင်ငံ နယ်စပ်စည်းရိုးအနီး ၃ ကီလိုမီတာ အကွာမှာ မနက်လေးနာရီခွဲအချိန်က ဖမ်းမိခဲ့တာပါ။ “သူတို့က အုပ်စုတစုတည်းပဲ။ ဖမ်းမိတဲ့အချိန်မှာ သူတို့ကို ကွာလာလမ်ပူနဲ့ ပီနန်မြို့တွေကို ပို့ပေးဖို့ ပွဲစားက လာခေါ်မယ်ဆိုတာ ယုံကြည်နေတုန်းပဲ” လို့ မလေးရှား မှောင်ခိုတိုက်ဖျက်ရေးဌာန ရဲအရာရှိ ဘာဆရီဆိုင်းအလီက သတင်းထောက်တွေကို ပြောပါတယ်။ မေးမြန်းစစ်ဆေးချက်တွေအရ သူတို့ဟာ ရန်ကုန်ကနေ ထိုင်းနိုင်ငံ၊ ဆဒါအိုခရိုင်ထိ ကားနဲ့ လိုက်ပို့ပေးဖို့ မြန်မာပွဲစား အေဂျင်စီကို မလေးရှားရင်းဂစ် ၃၀၀၀ ပေးခဲ့ရတာဖြစ်ပြီး ကွာလာလမ်ပူနဲ့ ပီနန်မြို့တွေက ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အလုပ်လုပ်ရမယ်လို့ အေဂျင်စီက ကတိပေးခဲ့တယ်လို့ သူတို့က ၀န်ခံပြောဆိုလိုက်တာပါ။ မလေးရှား ရဲအရာရှိ ဘာဆရီဆိုင်းအလီက “သူတို့ဟာ ထိုင်းမှာရှိတဲ့ ပွဲစားအေဂျင်စီရဲ့ အကူအညီနဲ့ ဆဒါအိုကနေ တောလမ်းအတိုင်း ခြေလျင်ခရီးနဲ့ လာခဲ့ကြပြီး ည ၇ နာရီခွဲမှာ မလေးရှားနယ်စပ်ကို ရောက်လာခဲ့ကြတာပါ” လို့ ပြောပါတယ်။ ခုကိစ္စနဲ့ပတ်သက်ပြီး သူတို့ကို လူဝင်မှုကြီးကြပ်ရေးဌာနဆီ လွှဲပြောင်းပေးပြီး ဆက်လက် အရေးယူ ဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့ သတင်းကဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024