A d v e r t i s e m e n t With Us

ဂီတသင်္ကေတ ၈ မျိုးပါ ဒစ်ဂျစ်တယ် လက်ခတ် ဗုံကလေး

ဂီတသင်္ကေတ ၈ မျိုးပါဝင်ပြီး Oval လို့ခေါ်တဲ့ ဒစ်ဂျစ်တယ် လက်ခတ်ဗုံကလေးကို ဘာဆယ်လိုနာ အခြေစိုက် သုတေသနပညာရှင်တွေက တီထွင်လိုက်ပါတယ်။ ဒါပေမယ့် သူ့ကို စမတ်ဖုန်း ဒါမှမဟုတ် တက်ဘလက်တခုကတဆင့် အက်ပလီကေးရှင်း တခုနဲ့ ချိတ်ဆက်မှ ဂီတပညာရှင်နဲ့ သင်ယူခါစ လူတွေအဖို့ မြိုင်ဆိုင်တဲ့သံစုံကို တီးခတ်နိုင်မှာ ဖြစ်ပါတယ်။ လက်ခတ်ဗုံကို တီထွင်တဲ့ သုတေသနပညာရှင် အဲလက် ပိုစာဒါက "ဒီ Oval ဗုံကလေးက ဂီတကို ထိန်းချုပ်မြည်ဟည်းနိုင်တဲ့ ဒစ်ဂျစ်တယ် ကြားခံတခုပါ။ နေရာပေါင်းစုံက ဖိအားသက်ရောက်လာတာကို ခံစားတုံ့ပြန်နိုင်တဲ့ မျက်နှာပြင် ၈ ခု ပါပါတယ်။ တို့ထိမျက်နှာပြင်လိုမျိုး ပုတ်တာရော၊ ပွတ်တာ အပါအ၀င် လက်ချောင်းရဲ့ရွေ့လျားမှု ပုံစံမှန်သမျှကို ခံစားသိရှိနိုင်တယ်။ မျက်နှာပြင် ၈ ခုပေါ်ကနေ လက်ချောင်းကို ဘယ်လိုပုံစံနဲ့ ဘယ်လိုပဲ ရွေ့လျား ရွေ့လျား အာရုံခံနိုင်စွမ်း မြင့်မားပါတယ်။ အဲဒီရွေ့လျားမှုအတိုင်း ဂီတသံစုံ ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် နောက်ဆုံးပိတ် အသံကတော့ လက်ချောင်းတွေကို ဘက်နေရာမှာထားလဲ၊ ဘယ်လိုရွေ့လျားလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။" လို့ ပြောပါတယ်။ သူရဲ့ပုံသဏ္ဌာန်ကတော့ တခြားလက်ခတ်ဗုံတွေနဲ့ ယှဉ်နိုင်သလို သူတို့အတိုင်းလည်း တီးခတ်နိုင်ပါတယ်။ ဒါပေမယ့် တွဲဖက်တီထွင်သူ ဒေးဗစ်ဂိုးရှမစ်ကတော့ သူနဲ့တွဲဖက်တဲ့ အက်ပလီကေးရှင်းက တခြား လက်ခတ်ဗုံတွေထက် သာလွန်တယ်လို့ ဆိုပါတယ်။ "တခြား သတ္တုနဲ့ ဖန်တီးတဲ့ တူရိယာတွေလို လျှပ်စစ်စွမ်းအင်မလိုတဲ့ သဘာဝအသံမျိုးတော့ ရမှာမဟုတ်ဘူး။ ဒါပေမယ့် ထူးခြားတဲ့ သံစဉ်တွေကိုတော့ ဆောင်ယူပေးမှာပါ။ သံစဉ်မျိုးစုံ တီးခတ်နိုင်သလို အသံမျိုးစုံကိုလည်း ဖန်တီးနိုင်မှာပါ။ ဒီတူရိယာက ဂီတလောကအတွက်တော့ လမ်းသစ်တခုပါပဲ။" ဒီတူရိယာကို ကိုယ့်စိတ်ကြိုက်ဖြစ်အောင် တီထွင် ထိန်းချုပ်နိုင်မယ့် ဆော့ဖ်ဝဲတခုကို အလကားသုံးခွင့် ပေးထားတယ်လို့ ဆိုပါတယ်။ "ဒီအက်ပလီကေးရှင်းက ဒီတူရိယာပါမှ ဖြစ်သလို သူကလည်း ဒီအက်ပလီကေးရှင်းရှိမှ ဖြစ်မှာပါ။ သံစုံမြည်နိုင်တဲ့ Oval ဖြစ်လာဖို့ ကြားခံထိန်းချုပ်မှုရယ်၊ အက်ပလီကေးရှင်းရယ် လိုပါတယ်။ ဒီနှစ်ခုပေါင်းမှ ပြည့်စုံတဲ့ တူရိယာတခု ဖြစ်မှာပါ။ ထိန်းချုပ်ကိရိယာကတဆင့် ကိုယ်လိုချင်တဲ့ သံစဉ်ကို အက်ပလီကေးရှင်းနဲ့ တွဲဖက်ပြီး ဖန်တီးနိုင်မှာပါ။ ဒီသံစဉ်က တူရိယာကနေတင် မဟုတ်ဘဲ ဖုန်းကိုပါ ဖြတ်သန်းပြီး လာတာပါ။ ဒါကြောင့် နားကြားကိရိယာ ဒါမှမဟုတ် လိုင်းကြိုးကတဆင့် အသံစနစ်ကို ချိတ်ဆက်ပြီး ကိုယ်ဖန်တီးတဲ့အသံကို ချဲ့ထွင် နားဆင်နိုင်မှာ ဖြစ်ပါတယ်။" လူထုရန်ပုံငွေ ထည့်ဝင်သူတွေ အနေနဲ့ ဒီလက်ခတ်ဗုံကို ယူရို ၃၉၉ နဲ့ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ပုံမှန်ရောင်းဈေးရဲ့ ၃ ပုံ ၂ ပုံ ပမာဏဖြစ်ပါတယ်။ လူထုရန်ပုံငွေဟာ ပထမ ၃ ရက် အတွင်းမှာတင် လက်ရှိကောက်ခံရရှိတဲ့ငွေက ယူရိုငွေ ၁ သိန်း ရပြီမို့ ဒါဟာ တီထွင်တဲ့သူတွေအဖို့ နားဝင်ပီယံ ဂီတသံခုပဲ ဖြစ်ပါတယ်။  

A d v e r t i s e m e n t With Us

More News
Up