ယီမင်တွင် အရေးပေါ် လူသားချင်း အကူညီပေးရေး စစ်ရပ်စဲရန် ကုလ ပြော

ဓာတ်ပုံ - ရိုက်တာ
3.1K
ယီမင်ပြည်တွင်းစစ်အတွင်း နိုင်ငံလူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းက အရေးပေါ် လူသားချင်းအကူအညီ လိုအပ်နေတဲ့အတွက် ခဏ စစ်ရပ်စဲထားကြဖို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က ကြေညာပါတယ်။
ဇူလိုင် ၁၀ ရက် ဒီနေ့က စပြီး ရာမာဒန်ဥပုသ်လ အပြီးနောက် ဇူလိုင် ၂၇ ရက်နေ့ထိ နှစ်ဘက်တိုက်ခိုက်မှုတွေကို ရပ်နားထားမယ်လို့ ကုလသမဂ္ဂအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတက်ဖန်န် ဒူဂျာရစ်စ် (Stephane Dujarric) က သတင်းထောက်တွေကို ပြောဆိုပါတယ်။
ကုသလမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ဒီ လူသားချင်း အကူအညီအတွက် အပစ်အခတ်ရပ်စဲရေးကို နှစ်ဘက်စလုံးက လိုက်နာကြဖို့ မျှော်လင့်နေတယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရက ပြောဆိုခဲ့တာပါ။
ဒါနဲ့ပတ်သက်ပြီး ဆော်ဒီဘက်ကရော၊ ရှီးယားမွတ်စလင် ဟူသီဘက်ကပါ တရားဝင် တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။
ယီမင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ် အစ္စမေးလ် အွတ်ဒ် အာမက် (Ismail Ould Ahmed) က ပြီးခဲ့တဲ့တပတ်က ယီမင်နိုင်ငံကို သွားရောက်ပြီး ဟူသီသူပုန်တွေ အပါအ၀င် ယီမင်သမ္မတ ကိုယ်စားလှယ်တွေနဲ့ပါ တွေ့ဆုံခဲ့အပြီး အခုလို အပစ်အခတ်ရပ်စဲရေး လုပ်ဖို့ ဖြစ်လာတာပါ။
၃ လကျော်ကြာ ယီမင်ပဋိပက္ခအတွင်း ပြည်သူ ၂၅ သန်းမှာ ၈၀ ရာခိုင်နှုန်းက အရေးပေါ် အကူအညီ တမျိုးမျိုး လိုအပ်နေကြတာပါ။
အပစ်အခတ်ရပ်စဲရေး စတင်တာနဲ့ လူသားချင်း အကူအညီတွေ ချက်ချင်းဝင်ရောက်ဖို့လည်း အကူအညီ ထောက်ပံ့ရေး အေဂျင်စီတွေ အဆင်သင့် ပြင်ထားတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြီးခဲ့တဲ့ ဧပြီလက ဆုံးဖြတ်ချက်ဖြစ်တဲ့ ဟူသီသူပုန်တွေ သမ္မတ ဟာဒီကို တရားဝင် ယီမင်နိုင်ငံသမ္မတအဖြစ် အသိအမှတ်ပြုဖို့နဲ့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်စွန့်လွှတ်ဖို့ ဟူသီသူပုန်တွေဘက်က လိုက်နာဆောင်ရွက်ခြင်း မရှိသေးပါဘူး။