A d v e r t i s e m e n t With Us

သိမ်းဆည်းယာမြေ ပြန်ရရေး ပန်းတနော်လယ်သမား ရာချီ ဆန္ဒပြ

ဧရာဝတီတိုင်း​ဒေသကြီး မအူပင်​ခရိုင်​ ပန်းတ​နော်မြို့နယ်​ မြစ်​ဝရေကြီးကွင်း ဒေသက လယ်​သမားတွေဟာ သိမ်းဆည်းလယ်ယာမြေ ပြန်ရရေး ဒီကနေ့ နေ့လယ်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။ ဖိုးလမင်းကုမ္ပဏီက သိမ်းဆည်းထားတဲ့ လယ်​ယာ​မြေတွေ ပြန်​လည်​ရရှိ​ရေးနဲ့ အင်းလုပ်ငန်းတွေ ဖျက်သိမ်းပေးရေးတို့အတွက် လယ်သမား ရာနဲ့ချီ ဆန္ဒထုတ်​​ဖော်ခဲ့ကြတာပါ။ အရင်စစ်အစိုးရ​ခေတ်က ဖိုးလမင်းကုမ္ပဏီက သိမ်းယူထားခဲ့တဲ့ လယ်​ယာ​မြေ​တွေ​ပေါ် သမ္မတ ဦးသိန်းစိန်​ အစိုးရလက်ထက် ပြန်​လည်ထွန်​ယက်​ စိုက်​ပျိုးကြတာ​ကြောင့် အမှုဖွင့် တရားစွဲဆို ထောင်ချခံနေကြရတဲ့ကိစ္စ၊ အင်းတွေမှာ ဆယ်​စုနှစ်​နဲ့ချီပြီး ငါးဖမ်းရှာ​ဖွေ လုပ်​ကိုင်​ စား​သောက်​ခွင့်​ မရတဲ့ကိစ္စနဲ့ အမှုဆင်​ ဖမ်းဆီး၊ ​ထောင်ချခံနေရတဲ့ ဖြစ်ရပ်တွေအတွက် သမ္မတ အပါအဝင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ ဌာနဆိုင်ရာတွေကို တင်​ပြ တိုင်ကြားခဲ့ပေမယ့် မထူးခြားတာကြောင့် အခုလို ဆန္ဒထုတ်ဖော်ရတာလို့ ဆန္ဒပြပွဲ ဦးဆောင်တဲ့ လယ် ၃၃ ဧက သိမ်းယူခံခဲ့ရသူ ဦးမောင်နီက ဒီဗွီဘီကို ပြောပါတယ်။ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အတွင်း အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအမိန့်နဲ့ ဆိုပြီး ခနွဲကဘို၊ ပြလင်း၊ မိမ္မပြေး၊ ထိန်ကုလားကုန်း၊ တူးချောင်း စတဲ့ ကျေးရွာအုပ်စုတွေက လယ်သမား​တွေ ဓားမဦးချ လုပ်ကိုင်ခဲ့ကြတဲ့ ဦးပိုင်ပေါက်၊ အခွန်ပြေစာရှိ၊ ဗယက ပုံစံရှိ (တနှစ်တာ ကာလအတွင်း စိုက်​ပျိုးသီးနှံ ​ဖော်ထုတ်​ရမယ့် ဧကစာရင်း)၊ လက်​ငုတ် ကစင်းတင် လယ်ယာမြေဧက ၁၀၀၀ ကျော်ကို ဖိုးလမင်းကုမ္ပဏီက နစ်နာကြေးငွေ တစုံတရာ မပေးဘဲ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လယ်ယာမြေတွေကို ၂၀၁၀ ပြည့်နှစ်​ အ​ရောက်မှာ နိုင်ငံတော်က မြေလွတ် မြေလပ်နဲ့ မြေရိုင်းလုပ်ပိုင်ခွင့်အဖြစ် ဖိုးလမင်းကုမ္ပဏီကို ချပေးခဲ့ပါတယ်။ ​လယ်သမားတွေဘက်ကတော့ အဲဒီနေရာတွေဟာ ၁၉၉၉ ခုနှစ်​တုန်းက သိမ်းဆည်းခံထားရတဲ့ သူတို့ လယ်​ယာမြေတွေသာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဆန္ဒထုတ်ဖော်ပွဲကို မြို့နယ်ရဲတပ်ဖွဲ့မှူးရဲ့ ခွင့်ပြုချက်နဲ့ တရားဝင်ပြုလုပ်ခဲ့တာဖြစ်ပြီး သိမ်းဆည်းခံလယ်မြေ ပြန်ရ​ရေး၊ လယ်​ယာ​မြေ​ပေါ်က အင်းလုပ်​ငန်းတွေ ဖျက်​သိမ်း​ပေး​ရေး၊ လယ်​ယာ​မြေ မှတ်ပုံတင်ချ​ပေး​ရေး၊ လယ်​မလုပ်သူ လယ်ပိုင်တဲ့ စီမံကိန်းများ ဖျက်​သိမ်းပေးရေး၊ လယ်ယာမြေများ သိမ်းဆည်းထားတဲ့ ဖိုးလမင်းကုမ္ပဏီ ထွက်သွားရေး စတဲ့ အချက်တွေကို ​ကြွေးကြော်​ ​တောင်းဆိုခဲ့ကြပါတယ်​။  

A d v e r t i s e m e n t With Us

More News
Up