အစ္စရေးနိုင်ငံသား ၂ ဦး ဖမ်းဆီးခံရမှု ဟားမတ်စ်တွင် တာဝန်ရှိဟု သတိပေး

ပျောက်ဆုံးနေသည့် အစ္စရေးနိုင်ငံသား။ (ဓာတ်ပုံ - ရိုက်တာ)
1K
ဂါဇာမှာ ဖမ်းဆီးခံထားရတယ်လို့ ယုံကြည်ရတဲ့ အစ္စရေးနိုင်ငံသား ၂ ဦးရဲ့ကိစ္စဟာ ဟားမတ်စ်အဖွဲ့မှာ တာဝန်ရှိတယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က သတိပေးလိုက်ပါတယ်။
သူတို့ ၂ ဦးထဲက ၁ ဦးကို ဟားမတ်စ်က ထိန်းသိမ်းထားတယ်လို့ အစ္စရေးနိုင်ငံက ပြောပါတယ်။
အီသီယိုးပီးယား အစ္စရေးတဦးနဲ့ အာရပ်အစ္စရေးတဦးတို့ဟာ ဂါဇာကိုသွားရင်း ပျောက်ဆုံးနေပြီး သူတို့ ၂ ဦးလုံးရဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဟားမတ်စ်ကတော့ တုံ့ပြန်ပြောဆိုဖို့ ငြင်းဆိုပါတယ်။
၂၀၀၆ ခုနှစ်က အစ္စရေးတပ်ဖွဲ့ဝင်တဦးကို ဟားမတ်စ်က ဂါဇာမှာ ၅ နှစ်ကြာ ဖမ်းဆီးထားပြီး ၂၀၁၁ ခုနှစ်က ပြန်လွှတ်ပေးခဲ့ပါတယ်။
အခု ပျောက်ဆုံးနေတဲ့ အစ္စရေးနိုင်ငံသား ၂ ဦးကို နိုင်ငံတကာနဲ့ ဒေသခံ အဖွဲ့အစည်းအားလုံး ကူညီစုံစမ်းပေးဖို့နဲ့ ပြန်လည်လွတ်မြောက်ရေးအတွက် ကူညီပေးဖို့ တိုက်တွန်းထားတယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။
ခိုင်မာတဲ့ အစ္စရေးထောက်လှမ်းရေး သတင်းအရ အသက် ၂၈ နှစ်အရွယ် အီသီယိုးပီးယား အစ္စရေးကို ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားတယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
သူဟာ စိတ်ဝေဒနာသည်လို့ ယုံကြည်ရပြီး လုံခြုံရေး အလွန်ထူထပ်တဲ့ အစ္စရေး-ဂါဇာ လုံခြုံရေး အရံအတားကို ကျော်သွားတာလို့ အစ္စရေးမီဒီယာက ဆိုပါတယ်။
နောက်တဦးကတော့ အစ္စရေးတောင်ပိုင်းက အစ္စရေး-အာရပ်တဦးဖြစ်ပြီး အရင်ကလည်း ဂါဇာကို ၀င်ထွက်နေသူတဦးလို့ ပြောပါတယ်။
၂၀၀၆ ခုနှစ်က ဟားမတ်စ်ရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အစ္စရေးတပ်ကြပ် ရှာလစ်တ် (Shalit) ကို အစ္စရေးနိုင်ငံထဲအထိ ဟားမတ်စ်က ၀င်ရောက်ဖမ်းဆီးတာဖြစ်ပြီး ၅ နှစ်ကြာ ဖမ်းဆီးထားပြီးမှ ပါလက်စတိုင်း အကျဉ်းသား ၁၀၀၀ နဲ့ အလဲအလှယ်လုပ်ပြီး ပြန်ရွေးခဲ့ရတာပါ။
အခုပျောက်ဆုံးနေတဲ့ ၂ ယောက်လည်း ဘေးမသီရန်မခ ပြန်လွတ်လာဖို့ အစ္စရေးနိုင်ငံက ကြိုးစားနေတယ်လို့ ၀န်ကြီးချုပ် နေတန်ယာဟုက ဆိုပါတယ်။