ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး စိုးဝင်းကို ပိတ်ဆို့ဒဏ်ခတ်စာရင်းက ပယ်ဖျက်
DVB
·
July 10, 2015
ကွယ်လွန်သူ မြန်မာဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်းကို အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ဒဏ်ခတ်ထားသူ စာရင်းကနေ ပယ်ဖျက်ကြောင်း ကြေညာပါတယ်။
မြန်မာနိုင်ငံသား ၃ ဦးကို အထူးပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်နိုင်ငံသားစာရင်း (အက်စ်ဒီအန်) ကနေ ပယ်ဖျက်ပေးလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇူလိုင် ၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာပါ။
ဒဏ်ခတ်စာရင်းက ပယ်ဖျက်ပေးလိုက်တဲ့ တခြားသူ ၂ ဦးကတော့ ကွယ်လွန်သူ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီဝင် ဒု-ဗိုလ်ချုပ်ကြီး မောင်ဘိုနဲ့ စစ်အစိုးရနဲ့နီး စပ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇရဲ့ ဇနီးဖြစ်သူ ဒေါ်သီတာဇော်တို့ ဖြစ်ပါတယ်။
ဒီပဲယင်းလုပ်ကြံမှုမှာ အဓိက တာဝန်ရှိသူလို့ လူသိများတဲ့ ဗိုလ်ချုပ်ကြီးစိုးဝင်းဟာ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ရာထူးက ဖယ်ရှားခံရပြီးနောက် ၂၀၀၄ အောက်တိုဘာမှာ မြန်မာ ၀န်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ၂၀၀၇ အောက်တိုဘာလက စင်ကာပူနိုင်ငံမှာ ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့တာပါ။
ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်ကလည်း မြန်မာစီးပွားရေးလုပ်ငန်းရှင် ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်နဲ့ သူ့ရဲ့ စီးပွားရေးလုပ်ငန်း ၂ ခုကို အမေရိကန်က ပိတ်ဆို့ ဒဏ်ခတ်စာရင်းက ဖယ်ရှားပေးခဲ့ပါတယ်။