တရုတ်နိုင်ငံမှ ကမ္ဘာ့အကြီးဆုံး အီလက်ထရောနစ် စွန့်ပစ်ပစ္စည်း အမှိုက်ပုံကြီး

ဓာတ်ပုံ - trust.org
တရုတ်နိုင်ငံရဲ့ စီးပွားရေးအင်အားကြီး ဂွမ်ဒေါင်းပြည်နယ်က ကွီယီမြို့ဟာ ကမ္ဘာ့အကြီးဆုံး အီလက်ထရောနစ် စွန့်ပစ်ပစ္စည်း စွန့်ပစ်ရာနေရာအဖြစ် လူသိများပါတယ်။ တကမ္ဘာလုံးက နေ့စဉ် သင်္ဘောနဲ့ ရောက်ရှိလာတဲ့ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်း အမှိုက်တွေ၊ မိုဘိုင်းဖုန်းတွေ အပါအ၀င် လျှပ်စစ်စွန့်ပစ် အမှိုက်တွေဟာ တန်ချိန် ၁၅၀၀၀ လောက်ရှိနေပြီး အဲဒါတွေကို ပြန်လည်သုံးစွဲနိုင်ဖို့အတွက် အလုပ်ရုံပေါင်း ၅၀၀၀ လောက် အဲဒီမှာ အလုပ်လုပ်နေကြတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ အဲဒီနေရာက အလုပ်သမားတွေဟာ အလုပ်ရုံတွေမှာ စွန့်ပစ် အီလက်ထရောနစ်ပစ္စည်း အမှိုက်တွေကို အကာအကွယ်မပါ လက်ချည်းဗလာသက်သက်နဲ့ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း အလုပ်လုပ်နေကြတာပါ။ အဲဒီ အလုပ်ရုံတွေမှာ အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းတွေ ပြန်လည်အသုံးပြုနိုင်ဖို့ လုပ်ကိုင်နေကြတဲ့ အကျိုးဆက်အဖြစ် ပျော်ဝင်နိုင်တဲ့သတ္တုနဲ့ ဓာတုပစ္စည်းတွေဟာ အနီးအနားက မြစ်ချောင်းတွေထဲကို စီးဝင်သွားကြပြီး နိုင်ငံတွင်း ရေပေးဝေရေး လုပ်ငန်းတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို ထိခိုက်မှု၊ ပြည်သူတွေရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်မှုတွေ ရှိနေပါတယ်။ ကွီယီမြို့ဟာ ဆိုးရွားတဲ့ ပလတ်စတစ် ညှော်နံ့တွေနဲ့ ဖုံးလွှမ်းနေပြီး တချို့မြစ်ချောင်းတွေမှာ စက်ရုံတွေက စီးဆင်းလာတဲ့ အညစ်အကြေးတွေကြောင့် ညစ်ညမ်းမှုတွေ ရှိနေပါတယ်။ လေထုနဲ့ ရေထုတွေထဲမှာ ဆိုးရွားတဲ့ သတ္တုအဆိပ်သင့်အမှုန်တွေ ပါဝင်နေပြီး အဲဒီမှာ နေထိုင်ကြတဲ့ ကလေးတွေဆီမှာ သွေးတွင်း ခဲပါဝင်မှုအဆင့်ဟာ သာမန်ထက် ထူးထူးခြားခြား တွေ့ရတယ်လို့ တရုတ်နိုင်ငံတောင်ပိုင်း၊ ရှန်တိုတက္ကသိုလ်က ပြုလုပ်တဲ့ သုတေသနတခုက ဖော်ပြပါတယ်။ တရုတ်နိုင်ငံဟာ နှစ်စဉ် အီလက်ထရောနစ် စွန့်ပစ်အမှိုက် ၆ ဒသမ ၁ မီလီယံ ထုတ်လုပ်နေပြီး အမေရိကန်နိုင်ငံရဲ့ ထုတ်လုပ်မှုနှုန်း ၇ ဒသမ ၂ မီလီယံနောက် ဒုတိယနေရာမှာ ရှိတယ်လို့ စက်မှုနှင့် သတင်းနည်းပညာ ၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up