A d v e r t i s e m e n t With Us

တူရကီရှိ ထိုင်းသံရုံး အကြမ်းဖက် ဖျက်ဆီးခံရ (ရုပ်သံ)

တူရကီ အစ္စတန်ဘူလ်မြို့ရှိ ထိုင်းသံရုံးကို ၀ီဂါမွတ်စလင် အယောက် ၁၀၀ လောက်က ဇူလိုင် ၈ ရက်နေ့ညမှာ အကြမ်းဖက် ၀င်ရောက်ဖျက်ဆီးကြပါတယ်။ ထိုင်းက တရုတ်နိုင်ငံ ရှင်းကျန်းဒေသခံ ၀ီဂါမွတ်စလင် အယောက် ၁၀၀ လောက်ကို တရုတ်နိုင်ငံ ပြန်ပို့ခဲ့လို့ အခုလို သံရုံး တိုက်ခိုက်ခံရတာလို့ ဒေသခံသတင်းက ဆိုပါတယ်။ သံရုံးဝန်ထမ်း တဦးတယောက်မှ ထိခိုက်ဒဏ်ရာရခဲ့တာ မရှိဘူးလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ တရုတ်နိုင်ငံက ထွက်ခွာလာကြတဲ့ ရှင်းကျန်းဒေသခံ ၀ီဂါလူမျိုးတွေကို နေရပ်ရင်းပြန်ပို့ရင် တရုတ်အစိုးရရဲ့ ဖိနှိပ်အရေးယူခံရနိုင်တဲ့အတွက် အခုလို ပြန်ပို့တာမျိုးတွေကို လူအခွင့်အရေးအဖွဲ့တွေက ဆန့်ကျင် ကန့်ကွက်ကြပါတယ်။ ရှင်းကျန်းဒေသခံ ၀ီဂါလူမျိုးတွေဟာ တူရကီဒေသခံ မွတ်စလင်တွေပဲဖြစ်လို့ တရုတ်အစိုးရရဲ့ ဖိနှိပ်မှုတွေနဲ့ နှိပ်ကွပ်မှုတွေကို တူရကီအစိုးရက စိုးရိမ်ပူပန်တယ်လို့ ပြောပါတယ်။ သံရုံး ဖျက်ဆီးခံရတာကြောင့် တူရကီနိုင်ငံမှာ ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံသားတွေ အနေနဲ့ တူရကီပြည်သူတွေရှေ့မှာ ထိုင်းနိုင်ငံအလံနဲ့ အမှတ်လက္ခဏာတွေကို မပြသဖို့၊ ဆန့်ကျင်ဆန္ဒပြပွဲတွေကို ရှောင်ရှားဖို့နဲ့ ရှင်းကျန်းဒေသခံတွေနဲ့ ပတ်သက်ပြီး တူရကီဒေသခံတွေနဲ့ အငြင်းမပွားဖို့ ထိုင်းသံရုံးက ထုတ်ပြန်ထားပါတယ်။ ဇူလိုင် ၈ ရက်နေ့က ၀ီဂါလူမျိုး ၁၀၀ လောက်ကို တရုတ်နိုင်ငံ ပြန်ပို့ခဲ့တယ်လို့  ထိုင်းအစိုးရကလည်း ဇူလိုင် ၉ ရက်နေ့မှာ အတည်ပြုပါတယ်။ ဒါပေမယ့် လူဝင်မှု လုပ်ထုံးလုပ်နည်းအတိုင်း အပိုအလိုမရှိ လုပ်ဆောင်ခဲ့တာလို့ ထိုင်းအစိုးရ ပြောခွင့်ရက ဆိုပါတယ်။ ပြီးခဲ့တဲ့တပတ် ရာမာဒန်ဥပုသ်လအတွင်း ၀ီဂါမွတ်စလင်တွေကို ဘုရားဝတ်မပြုရ၊ ဥပုသ်မစောင့်ရ စတဲ့ ကန့်သတ်ပိတ်ပင်မှုတွေ လုပ်တယ်ဆိုတဲ့အပေါ် တူရကီနိုင်ငံက ဝေဖန်ပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။ ဒါကို တရုတ်အစိုးရက အပြင်းအထန် တုံ့ပြန်ခဲ့ပြီး ဒီစွပ်စွဲချက်တွေအတွက် ဖြေရှင်းချက်ပေးဖို့ တူရကီအစိုးရကို တောင်းဆိုခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up