လေယာဉ်ပျံသန်းစဉ် ဖျော်ဖြေရေးစနစ်နှင့် ဆက်သွယ်ရေးနည်းပညာ

အရပ်သားလေယာဉ်မှူးတွေအတွက် ခေါင်းဆောင်းရုပ်သံကြည့်စနစ်၊ တို့ထိမှန်ပြင်သုံး လေယာဉ်မှူးအခန်း၊ လေကြောင်းခရီးသည်တွေအဖို့ တိုက်ရိုက်ထုတ်လွှင့်တဲ့ အားကစားပွဲကို လေထုထဲမှာတင် ကြည့်ရှုနိုင်တဲ့ ကိရိယာတွေလို နောက်ဆုံးပေါ် လေကြောင်းနည်းပညာကို ဒီတပတ် ပဲရစ်လေကြောင်း ပြပွဲမှာ ပြသခဲ့ပါတယ်။
သွားရောက်ကြည့်ရှုခဲ့သူတွေထဲမှာ ဂျင်မ်ဒရူရီလည်း တယောက်အပါအ၀င်ပါ။ ပြပွဲ တင်ဆက်ကြတဲ့ ကုမ္ပဏီအားလုံးက လေကြောင်းခရီးသည်နဲ့ လေယာဉ်မှူးတွေကို အတွေ့အကြုံသစ်တွေ ပေးဖို့ ရည်ရွယ်ထားတာမို့ ဆက်သွယ်ရေး နည်းပညာကတော့ ရေပန်းအစားဆုံး စွမ်းရည်တခုပါပဲ။ ပင်နာဆိုးနစ်ကုမ္ပဏီကတော့ သူတို့ရဲ့ ပျံသန်းစဉ် ဖျော်ဖြေရေးစနစ်နဲ့ ဆက်သွယ်ရေး နည်းပညာတွေဟာ ကမ္ဘာမှာ အဆင့်အမြင့်ဆုံးပဲလို့ ဆိုပါတယ်။ လေကြောင်းလိုင်းပေါင်းစုံမှာ အသုံးချမယ့် ဒီနည်းပညာတွေဟာ တိုက်ရိုက်ထုတ်လွှင့်တဲ့ အားကစား ရုပ်သံလိုင်းတွေ၊ မြေပြင်နဲ့ ရုပ်သံချိတ်ဆက် ဖုန်းပြောတာတွေလို သုံးစွဲသူတွေအဖို့ အရင်က တွေးတောင် မတွေးဘူးတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။
"ကျနော်တို့အနေနဲ့ ခရီးသည်တွေအတွက် ခြွင်းချက်မရှိ အဆင်ပြေ ချောမွေ့တဲ့ ခရီးစဉ်တွေ တကယ်ဖန်းတီးပေးနိုင်ဖို့ နီးစပ်လာပါပြီ။ လေယာဉ်ပေါ် ရောက်နေချိန်နဲ့ မြေပြင်ပေါ် ရှိနေချိန်ကြားမှာ ခြားနားချက်ဆိုတာ လုံးဝရှိတော့မှာ မဟုတ်ပါဘူး။" လို့ ပင်နာဆိုးနစ်ကုမ္ပဏီမှ မက်ထီးယာ့စ်ဝေါ်လ်ထာက ဆိုပါတယ်။
ဟန်းနီးဝဲလ်ကုမ္ပဏီမှ ကင်စနော့ဂရက်စ်ကတော့ အမေရိကန်ကော်ပိုရေးရှင်းရဲ့ လေယာဉ်မောင်းခန်း ဒီဇိုင်းကို ချီးကျူးလိုက်ပါတယ်။
“ဒါကတော့ ဟန်းနီးဝဲလ်ကုမ္ပဏီထုတ် လေယာဉ်မောင်းခန်းပါ။ Dassault F7X လေယာဉ်ထဲမှာ ထိုင်နေတာပါ။ ဒါက ကမ္ဘာ့ခေတ်အမီဆုံး လေယာဉ်မောင်းခန်းထဲမှာ တခုအပါအ၀င်ပါပဲ။ ရုပ်မြင်ဖန်သားပြင် အကြီးစားကြီး ၄ ခုပါတယ်။ အားလုံးကို ကွက်ကွက်ကွင်းကွင်း မြင်ရမှာ ဖြစ်ပါတယ်။ ခလုတ်တွေ ရှုပ်ယှက်ခတ်နေတဲ့ ခေတ်ဟောင်း ယာဉ်မောင်းခန်းတွေနဲ့ မတူဘူး။ ခု သုံးနေကြတဲ့ မိုဘိုင်းဖုန်းတွေ၊ တက်ဘလက်တွေနဲ့ ပိုပြီးတူတယ်။”
အဆင့်မြင့် လုံခြုံရေးစနစ်နဲ့ စစ်ဆေးဖို့ လိုအပ်တာကြောင့် လေကြောင်းလိုင်းအဖို့ ဖုန်းတွေ၊ တက်ဘလက်တွေမှာ တွေ့ရတဲ့ တုံ့လှယ်နည်းပညာကို အမီလိုက်ဖို့ အချိန်တွေ ယူခဲ့ရတယ်လို့ စနော့ဂရက်စ်က ဆိုပါတယ်။ ထားလက်စ်အုပ်စုကလည်း လေယာဉ်မှူးတွေအတွက် ခေါင်းဆောင်း ရုပ်သံကြည့်စနစ်ဖြစ်တဲ့ TopMax လို ရှေ့ပြေးပုံစံတွေကို အတွဲလိုက် ဖန်တီးပေးထားပါတယ်။ ပြင်သစ်ဝန်ကြီးချုပ်ဟောင်း ဖရန်ကွိုက်စ်ဖစ်လွန်ကတော့ ဒီစနစ်ကို ရစ်ချက်ပဲရော့တ်ရဲ့ လမ်းညွှန်မှုနဲ့ စမ်းသပ်ကြည့်ခဲ့ပါတယ်။
“TopMax က အရမ်းပေါ့ပါးပြီး သုံးရလွယ်တဲ့စနစ်ပါ။ တပ်ဆင်ရ လွယ်ကူတဲ့အတွက် ဘယ်လို လေယာဉ်မောင်းခန်းနဲ့မဆို အံကိုက်ပါပဲ။ အပေါ်ဘက်မှာ စက်ခလုတ် ဒိုင်ခွက်တပ်ဖို့ စတစ်ကာနည်းနည်းပဲ လိုပါတယ်။ တပ်ဆင်ပြီးရင်တော့ အီနားရှားဂုဏ်သတ္တိကို အခြေခံတဲ့စနစ်က အလုပ်လုပ်မှာ ဖြစ်ပါတယ်။ သိပ်ကို ပေါ့ပါးပြီး အသုံးရလွယ်တဲ့ စနစ်ပါပဲ။”
ထားလက်စ်ကုမ္ပဏီက ဆစ်လ်ဗီယန်မူးစ်က လာရောက်လေ့လာသူတွေကို Shape စနစ်ကို ပြသနေပါတယ်။
“Shape စနစ်က လေကြောင်းထိန်းသိမ်းရေး မျှော်စင်အတွက် ဆန်းသစ်တဲ့ အလုပ်ခွင်တခုပါပဲ။ ဒါက ကီးဘုတ်တွေ၊ မောက်စ်တွေ မလိုတဲ့ စနစ်တခုနဲ့ ထိန်းသိမ်းရေး မျှော်စင်ကြားက တုံ့လှယ်ဆက်သွယ်မှုကို မြန်နှုန်းမြှင့်ပေးမှာ ဖြစ်ပါတယ်။ ထိန်းသိမ်းရေးမျှော်စင်က စောင့်ကြည့် သတင်းအချက်အလက်နဲ့ တို့ထိမှန်ပြင်က တဆင့် ဒီစနစ်နဲ့ ချိတ်ဆက်ဆောင်ရွက်သွားမှာပါ။”
ဝင်ရောက်ပြသတဲ့ ကုမ္ပဏီပေါင်း ၂၀၀၀ ကျော်တာမို့ ပြင်သစ်လေကြောင်းပြပွဲဟာ ကမ္ဘာမှာ အကြီးဆုံးပါပဲ။ ဒီပြပွဲကို ဇွန်လ ၂၁ ရက်နေ့ထိ ပြသသွားမှာ ဖြစ်ပါတယ်။