Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှု ရဲဝန်ထမ်းနှင့် ပေါက်တူးပိုင်ရှင်ကို ဆက်လက်စစ်ဆေး
DVB
·
July 10, 2015
ထိုင်းတောင်ပိုင်း လိပ်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုကို ကော့စမွီခရိုင် တရားရုံးမှာ ရုံးတင်စစ်ဆေးနေရာ ဇူလိုင် ၉ ရက် ညနေပိုင်းမှာတော့ အမှုနဲ့ပတ်သက်တဲ့ သက်သေခံပစ္စည်း သယ်ပို့သူ ရဲအရာရှိတဦးနဲ့ ပေါက်တူးပိုင်ရှင် မြန်မာလူမျိုး ဦးအို ဆိုသူကို တရားလိုပြသက်သေအဖြစ် ဆက်လက် စစ်ဆေးခဲ့ပါတယ်။ ဒီသက်သေ ၂ ဦးမှာ ရဲဝန်ထမ်းက အမှုနဲ့ ပတ်သက်တဲ့ သက်သေခံ ဓာတုဗေဒ ပစ္စည်းတွေကို ခိုတောင်ကျွန်းကနေ ဘန်ကောက်အထိ သယ်ပို့ပေးခဲ့ရပုံတွေကို ထွက်ဆိုပြီး ပေါက်တူးပိုင်ရှင် ဦးအိုကတော့ သူ့ပေါက်တူးဟာ သူနဲ့အတူရှိနေကြောင်း ထွက်ဆိုသွားတယ်လို့ မြန်မာသံရုံးကိုယ်စား အမှုဘက်က လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။ “ထိုင်းရဲကတော့ သွေးတို့၊ သလိပ်တို့ စသဖြင့် အဲဒါတွေပါတဲ့ပစ္စည်းကို ဘန်ကောက်ကို ပို့ပေးရတဲ့အကြောင်း ထွက်ဆိုပါတယ်။ နောက် ပေါက်ပြားကိစ္စ၊ သူတို့ပြောချင်တာကတော့ မောင်အိုရဲ့ ပေါက်ပြားနဲ့ သတ်ပြီးတော့မှ ပေါက်ပြားကို အိတ်နဲ့ ဖိထားတယ်လို့ ပြောချင်တာပါ။ ဒါပေမယ့် မောင်အို ကိုယ်တိုင်က သူ့ပေါက်တူးဟာ သူရှိတဲ့နေရာမှာပဲ ရှိနေတယ်၊ နောက်ပြီးတော့ အိတ်တွေကလည်း သူအမှိုက်သိမ်းတဲ့အခါ သုံးဖို့အတွက် အိတ် လေးငါးလုံးဟာ သောင်ပြင်မှာပဲ ရှိနေတာပေါ့လေ။ ပြီးတော့ ပေါက်တူးမှာ သွေးတွေပေနေလို့ ဆေးလိုက်ရတယ်ဆိုတဲ့ ပုံစံမျိုး ရဲက ထွက်စေချင်တယ်။ ဒါပေမယ့် ဒီကိစ္စကို မောင်အိုက ရုံးတော်မှာ မထွက်ဆိုခဲ့ပါဘူး။ သွေးပေလား၊ မပေလား ဆိုတာကိုလည်း ဂရုစိုက်မကြည့်မိဘူးလို့ ထွက်ဆိုပါတယ်။” ဦးအိုရဲ့ ထွက်ဆိုချက်တွေကို ဘာသာပြန်ပေးဖို့ အရင်က ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ကို ဘာသာပြန်ပေးခဲ့တဲ့ ကမာ ဆိုတဲ့လူကို ခေါ်လာပေမယ့် ထိုင်းရှေ့နေများ ကောင်စီဘက်က လက်မခံတဲ့အတွက် တခြားသူတဦးကို လဲလှယ် ဘာသာပြန်စေတယ်လို့ ဆိုပါတယ်။ သူတို့ဘက်က တောင်းဆိုထားတဲ့ ဒီအန်အေ ပြန်လည်စစ်ဆေးရေး ကိစ္စမှာတော့ သက်သေပစ္စည်းတွေ ခုထိ မပြည့်စုံသေးတဲ့အတွက် အဲဒီအဆင့် မရောက်သေးဘူးလို့ ဦးအောင်မျိုးသန့်က ဆက်ပြောပါတယ်။ “ရဲကနေ တရားရုံးကို တင်ထားတဲ့ ဒီအန်အေနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေက အားလုံးပြည့်စုံအောင် မရသေးဘူး။ အဲဒါကြောင့် ဒီအန်အေ ပြန်စစ်ဖို့ကိစ္စ ဘာမှ လုပ်လို့မရသေးဘူး။ ပြည့်စုံအောင်ရဖို့ ဓာတုဗေဒနည်းနဲ့ ပြန်စစ်ဖို့လိုတယ်ဆိုရင် ၇ ရက်အတွင်း ပြီးအောင်စစ်လို့ ရတယ်လို့ ပြောပါတယ်။ ဒေါက်တာ ဖွန်းထစ်ကိုလည်း တရားလိုပြ သက်သေထဲမှာ ထည့်ထားတယ်လို့ သိရပါတယ်။ သူကတော့ ဓာတုဗေဒ စစ်ထားတဲ့ ပစ္စည်းတွေကို မှတ်ချက်ပေးရမှာပါ။ ခုလောလောဆယ် နိုင်ငံခြားရောက်နေတယ်လို့ ပြောပါတယ်။” ဒါပေမယ့် ဒီကနေ့ ထွက်ဆိုချက်တွေမှာလည်း မြန်မာလူငယ် ၂ ဦးအတွက် အလားအလာ ကောင်းတယ်လို့ ဦးအောင်မျိုးသန့်က သုံးသပ်ပါတယ်။ ဇွန်လ ၁၀ ရက်နေ့မှာတော့ တရားလိုပြသက်သေ ၆ ဦးကို ဆက်လက်စစ်ဆေးဖို့ ရှိပေမယ့် တရားခွင်ကို သက်သေတွေ ရောက်လာမလာပေါ် မူတည်ပြီး အပြောင်းအလဲတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဗြိတိသျှလူမျိုး ၂ ဦး လိပ်ကျွန်းပေါ်မှာ အသတ်ခံရတာနဲ့ ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦး စွပ်စွဲဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024