Home
မြန်မာသတင်း
ဒဂုံစီးတီးစီမံကိန်း ကြောင့် ရွှေတိဂုံဘုရား မထိခိုက်နိုင်ဟု ကုမ္ပဏီတုံ့ပြန်
DVB
·
July 9, 2015
ဒဂုံစီးတီးစီမံကိန်းကြောင့် ရွှေတိဂုံဘုရားကို ထိခိုက်နိုင်မည် မဟုတ်ကြောင်းနဲ့ ဒီစီမံကိန်းရပ်စဲကြောင်း အစိုးရရဲ့ ဆုံးဖြတ်ချက်ကို လေးစားအသိအမှတ်ပြုတယ်လို့ Marga Landmark Development  ကုမ္ပဏီက ထုတ်ပြန်ပါတယ်။ ဇူလိုင် ၇ ရက်ကစပြီး စီမံကိန်းကို ရပ်စဲလိုက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က ကြေညာလိုက်တဲ့အပေါ် ဒဂုံစီးတီး စီမံကိန်း (၁) ကို အကောင်အထည်ဖော်နေတဲ့ Marga Landmark ကုမ္ပဏီက  ဒီကနေ့ ထုတ်ပြန်လိုက်တာပါ။ ကုမ္ပဏီအနေနဲ့  ပြည်သူတွေရဲ့ သဘောထား၊ အထူးသဖြင့် သံဃာတော်တွေရဲ့ အမြင်ကို လေးစားအသိအမှတ်ပြုပြီး ဒဂုံစီးတီး စီမံကိန်း (၁) ရဲ့ အစီအစဉ်တွေနဲ့ အသုံးပြုတဲ့ နည်းပညာတွေဟာ ဘေးကင်းစိတ်ချရပြီး ရွှေတိဂုံဘုရားကို ထိခိုက်နိုင်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ခုလိုပြောထားပါတယ်။ “မိမိတို့သည် Diaphragm wall နည်းပညာကို အသုံးပြုရန် ရည်ရွယ်ထားခဲ့ပြီး ဖြစ်ပါသည်။ ၎င်းအဆင့်မြင့်နည်းပညာသည် နိုင်ငံတကာရှိ ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် မြို့တော်များတွင် အသုံးပြုနေပြီး တည်ဆောက်သည့်နေရာနှင့် ၃ ပေ အကွာအဝေးကိုပင် ထိခိုက်နိုင်မှုမရှိကြောင်း သက်သေအခိုင်အမာရှိခဲ့ပြီး ဖြစ်ပါသည်။ စီမံကိန်းနှင့် ပေ ၃၀၀၀ ကွာဝေးသည့် ရွှေတိဂုံဘုရားကို ထိခိုက်မည်ဟု ဆိုခြင်းမှာ ဖြစ်နိုင်ချေ လုံးဝမရှိကြောင်း ပြောကြားလိုပါသည်။” လို့ ကြေညာချက်မှာ ရေးပါတယ်။ ဒါ့ပြင် အဆောက်အဦတွေကို ရွှေတိဂုံအနီးရှိ အခြားအဆောက်အဦတွေအတိုင်း မြေအောက် ၁ ထပ်သာ ဆောက်လုပ်မှာဖြစ်ပြီး မြေအောက်ရေကို အသုံးမပြုဖို့  စီမံထားတဲ့အတွက်  ပတ်ဝန်းကျင်ကို မထိခိုက်ဘူးလို့လည်း ဆိုပါတယ်။ ကုမ္ပဏီအနေနဲ့ လက်ရှိ အစိုးရနဲ့အတူ လက်တွဲကာ ကုမ္ပဏီရဲ့ အခန်းငှားရမ်းထားသူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ အဆင်ပြေ ကျေနပ်မှုရရှိစေမယ့် နှစ်ဦးသဘောတူ အစီအစဉ်တခု ဆောင်ရွက်နေပြီး အစိုးရနဲ့ အသေးစိတ်ဆွေးနွေးပြီးရင် သဘောတူ လက်မှတ်ရေးထိုးထားတဲ့အတိုင်း အခန်းငှားရမ်းထားသူတွေအတွက် ဆက်လက် လုပ်ဆောင်ပေးသွားမယ်လို့လည်း အသိပေးကြေညာလိုက်ပါတယ်။ ရန်ကုန်တိုင်း ဒဂုံမြို့နယ်ရှိ ကာကွယ်ရေး တက္ကသိုလ်ဟောင်းနဲ့ အမှတ် (၁) မော်တော်ယာဉ်တပ်ရင်း နေရာဟောင်း နေရာတွေမှာ  ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့  ရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီ၊  သုခရတနာကုမ္ပဏီ၊ Adventure Myanmar Tours and Incentives  ကုမ္ပဏီနဲ့ Marga Landmark Development ကုမ္ပဏီတို့ကို အစိုးရက လုပ်ပိုင်ခွင့်ချပေးတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကုမ္ပဏီအလိုက် နိုင်ငံတကာအဆင့်မီ ဟိုတယ်တွေ၊ Service Apartment တွေ၊ ကုန်တိုက်၊ စီးပွားရေးလုပ်ငန်းဌာနတွေ၊ လူနေအိမ်ခန်းနဲ့ ရုံးအဆောက်အဦတွေ ပါဝင်တဲ့ စီမံကိန်းတွေ  တည်ဆောက်နေတာ ဖြစ်ပါတယ်။ ဒီစီမံကိန်းတွေ အကောင်အထည်ဖော်မှုကြောင့် ရွှေတိဂုံ စေတီတော်ကြီး ထိခိုက်မှုရှိလာမှာကို ရဟန်းရှင်လူတွေ၊ ပညာရှင်တွေက စိုးရိမ်ပူပန် ကန့်ကွက်မှုတွေ မြင့်တက်လာနေချိန်မှာ အစိုးရက စီမံကိန်း လုပ်ငန်းတွေ အားလုံးကို အပြီးသတ် ရပ်ဆိုင်းကြောင်း ဇူလိုင် ၇ ရက်နေ့က ကြေညာခဲ့တာပါ။ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ကတော့ ဒီစီမံကိန်း ရပ်စဲကြောင်း ကြေညာလိုက်တာကို ၀မ်းမြောက်ကြောင်းနဲ့ ဆန္ဒထုတ်ဖော်ကန့်ကွက်ပွဲတွေ တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင်သွားမယ့် အစီအစဉ်ကို ရုပ်သိမ်းကြောင်း ကြေညာထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024