အာဖဂန်-တာလီဘန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဥပုသ်လအပြီး ပြန်လုပ်မည်

အာဖဂန်အစိုးရနဲ့ တာလီဘန်တို့အကြား ပထမဆုံး တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့က ခေတ္တရပ်ဆိုင်းလိုက်ပြီး ရာမာဒန်ဥပုသ်လအပြီးမှာ ပြန်လုပ်ဖို့ အာဖဂန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အာဖဂန်ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့တော် အနီးက မာရီ အပန်းဖြေမြို့ငယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
၁၃ နှစ်ကြာ အာဖဂန်ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ အစိုးရနဲ့ တာလီဘန်တွေ ပထမဆုံး လှမ်းလိုက်တဲ့ ခြေလှမ်းဖြစ်ပြီး အမေရိကန်နဲ့ တရုတ်ကိုယ်စားလှယ်တွေလည်း ဒီဆွေးနွေးပွဲကို တက်ရောက် လေ့လာခဲ့ကြတယ်လို့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံနဲ့ ဒေသတွင်း ငြိမ်းချမ်းရေး တည်ဆောက်ဖို့ နှစ်ဘက်စလုံးက ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားကြပြီး နှစ်ဘက်ယုံကြည်မှု တည်ဆောက်ဖို့ လိုအပ်တယ် ဆိုတာကိုလည်း နှစ်ဘက်စလုံးက အသိအမှတ်ပြု လက်ခံကြပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ်ရှာရစ်နဲ့ အမေရိကန်အိမ်ဖြူတော် ပြောခွင့်ရတို့ကလည်း ဒီတွေ့ဆုံမှုဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့ အရေးကြီးပြီး တိုးတက်တဲ့ခြေလှမ်းလို့ ပြောဆိုကြပါတယ်။
အရင်ကလည်း အာဖဂန်အစိုးရနဲ့ တာလီဘန်တို့အကြား အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေ ရှိပေမယ့် ဒီတွေ့ဆုံဆွေးနွေးမှုကတော့ ပထမဆုံး တရားဝင်တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။
တာလီဘန်တွေကတော့ သူတို့ရဲ့ ပွင့်လင်းရာသီ ထိုးစစ်ကို အရှိန်မပြတ် ဆင်နွှဲနေပြီး ဇူလိုင် ၇ ရက်နေ့က ဆွေးနွေးပွဲမစခင် မြို့တော် ကဘူးလ်မှာ အသေခံတိုက်ခိုက်မှု ၂ ကြိမ် လုပ်ခဲ့ပါတယ်။