အိုင်အက်စ် နှင့် ပူးပေါင်းခဲ့သူဟု စွပ်စွဲခံရသည့် ဂျာမနီနိုင်ငံသား ရုံးတင်စစ်ဆေး

စွပ်စွဲခံရသူ နစ်ဇက်အလီဂျာအက်စ် (၀ဲ) သူ၏ရှေ့နေနှင့် တိုင်ပင်နေစဉ်။ (ဓာတ်ပုံ - ရိုက်တာ)
3K
ဆီးရီးယားနိုင်ငံမှာ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် အကြမ်းဖက်တွေနဲ့ ပူးတွဲတိုက်ခိုက်ခဲ့သူလို့ စွပ်စွဲခံရသူ ဂျာမနီနိုင်ငံသားကို ဒူစ်ဆယ်လ်ဒေါဖ့် (Duesseldorf) မြို့ တရားရုံးမှာ ဇူလိုင် ၈ ရက်နေ့က စတင်ရုံးတင် စစ်ဆေးပါတယ်။
အသက် ၂၂ နှစ်အရွယ် နစ်ဇက်အလီဂျာအက်စ် (Nezet Alija S) ဟာ ၂၀၁၄ ခုနှစ်က ဆီးရီးယားနိုင်ငံကို သွားရောက်ခဲ့ပြီး ဆီးရီးယားသူပုန်တွေ၊ အိုင်အက်စ်အကြမ်းဖက်တွေနဲ့ တိုက်ခိုက်ရေးသင်တန်း တက်ခဲ့သလို ကိုယ်တိုင်လည်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ယုံကြည်ရကြောင်း မြို့ရဲ့ အဆင့်မြင့် တရားရုံး ပြောခွင့်ရသူက ဆိုပါတယ်။
သူ ဂျာမနီကို ပြန်ရောက်ပြီး ၁ ပတ်အကြာ ၂၀၁၄ စက်တင်ဘာလက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဂျာမနီက အသက်မွေးဝမ်းကျောင်းတခုမှာလည်း အကြမ်းဖက်ဝါဒ စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံရပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရဖို့ ရှိပါတယ်။
သူ့ရဲ့ ရှေ့နေကတော့ သူ ဆီးရီးယားနိုင်ငံအထိ သွားရောက်ခဲ့တယ်၊ အိုင်အက်စ်တွေရဲ့ စည်းရုံးခံရတာ မှန်ပေမယ့် သူ တခါမှ အိုင်အက်စ်အဖွဲ့ဝင် မဖြစ်ခဲ့ဘူးလို့ ပြောပါတယ်။
အကြမ်းဖက်အဖွဲ့နဲ့ မပတ်သက်ခဲ့ဘဲ ပြန်လာခဲ့တာကြောင့် သူ့ကို ထိထိရောက်ရောက် အပြစ်မပေးသင့်ဘူးလို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။
အမှုကို ဆက်လက်စစ်ဆေးမှာဖြစ်ပြီး ဘယ်တော့ဆုံးဖြတ်မယ် ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။