နိုင်ဂျီးရီးယား တွင် အသေခံဗုံးခွဲမှုကြောင့် ၂၅ ဦး သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းက ဇာရီယာမြို့မှာ ဇူလိုင် ၇ ရက်နေ့က ဘိုကိုဟာရမ်အဖွဲ့ဝင်လို့ ယူဆရတဲ့ အသေခံ ဗုံးခွဲသမားတယောက်ရဲ့ လက်ချက်နဲ့ လူ ၂၅ ဦး သေဆုံးသွားပါတယ်။
အသစ်ခန့်အပ်တဲ့ ဒေသအုပ်ချုပ်ရေးမှူးကို မိတ်ဆက်ဖို့ အစိုးရရုံးဝင်းထဲ လူတွေ စုရုံးနေချိန်မှာ တိုက်ခိုက်လိုက်တာပါ။
အသေခံ ဗုံးခွဲသမားဟာ အမျိုးသားလား၊ အမျိုးသမီးလား ကွဲကွဲပြားပြား မသိသေးပါဘူး။ အဲဒီ တိုက်ခိုက်မှုနဲ့ တချိန်တည်းလောက်မှာပဲ အရှေ့မြောက်ပိုင်းက စာဘွန်ဂါရီမြို့မှာရှိတဲ့ စစ်တပ် စစ်ဆေးရေး ဂိတ်အနီးမှာ အမျိုးသမီး အသေခံဗုံးခွဲသမားက တိုက်ခိုက်လို့ လူ ၄ ဦး သေဆုံးသွားတယ်လို့ စစ်တပ်က ပြောပါတယ်။
ဒီလို တိုက်ခိုက်မှုမျိုးကို ဘိုကိုဟာရမ်အဖွဲ့က စီစဉ်လေ့ရှိပေမယ့် နောက်ဆုံး တိုက်ခိုက်မှုကို ဘယ်အဖွဲ့ကမှ သူတို့ လက်ချက်ပါလို့ မကြေညာသေးပါဘူး။
အစိုးရ ထိုးစစ်တွေကြောင့် ဘိုကိုဟာရမ်အဖွဲ့ဟာ ဆမ်ဘီစာတောအုပ်မှာ ပုန်းခိုနေရာက ကျန်ခဲ့တဲ့ ၁၀ ရက်အတွင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ပြန်လုပ်လာပါတယ်။
အရင်တပတ်က သူတို့အဖွဲ့ လက်ချက်နဲ့ လူအယောက် ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။ သောင်းကျန်းသူ နှိမ်နင်းရေးမှာ အိမ်နီးချင်းနိုင်ငံတွေဆီက အကူအညီရဖို့ နိုင်ဂျီးရီးယား သမ္မတသစ် မိုဟာမက် ဘူဟာရီက ကြိုးစားနေပါတယ်။