မလေးဝန်ကြီးချုပ် ပါဝင်သည်ဟု စွပ်စွဲခံ ငွေကြေးအရှုပ်တော်ပုံ ကုမ္ပဏီရုံးခန်းကို ၀င်စစ်

ဓာတ်ပုံ - ရိုက်တာ
2.3K
မလေးရှားဝန်ကြီးချုပ်ကိုယ်တိုင် ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံနေရတဲ့ မလေးရှား ရင်းနှီးမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးရေးကုမ္ပဏီ ငွေကြေးအရှုပ်တော်ပုံကို စစ်ဆေးဖို့ ဇူလိုင် ၈ ရက်နေ့က အာဏာပိုင်တွေ ကုမ္ပဏီရုံးခန်းကို ၀င်ရောက်ရှာဖွေခဲ့ပါတယ်။
ဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ကုမ္ပဏီရဲ့ အမေရိကန်ဒေါ်လာ သန်း ၇၀၀ လောက်ဟာ ၀န်ကြီးချုပ်ကိုယ်ပိုင် ဘဏ်အကောင့်ထဲ ရောက်ရှိနေတယ်လို့ စွပ်စွဲမှုတွေကို ငြင်းဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့က ကုမ္ပဏီရဲ့ ဘဏ်အကောင့် ၆ ခုကို ချိတ်ပိတ်လိုက်ပေမယ့် ဘယ်သူတွေရဲ့ ဘဏ်အကောင့်ဆိုတာကို ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။
ဝန်ကြီးချုပ်ရဲ့ ဘဏ်အကောင့်ဆိုတာတော့ မပါဘူးလို့ နိုင်ငံတော်ရှေ့နေချုပ်က ပြောဆိုပါတယ်။ ကုမ္ပဏီကတော့ အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပူးပေါင်းဆောင်ရွက်ပေးနေတယ်လို့ ပြောဆိုပါတယ်။
ဒီ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးရေးကုမ္ပဏီကြီးကို ၂၀၀၉ ခုနှစ်က ၀န်ကြီးချုပ် နာဂျစ်ရာဇတ် ကိုယ်တိုင် ထူထောင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် လက်ရှိအချိန်ထိ တာဝန်ယူထားပါတယ်။
ကုမ္ပဏီကလည်း ၀န်ကြီးချုပ်ကို ကုမ္ပဏီငွေတွေ လွှဲပြောင်းပေးထားတယ်ဆိုတာကို ငြင်းဆန်ပါတယ်။ ၀န်ကြီးချုပ် နာဂျစ်ရာဇတ်ရဲ့ ခေါင်းဆောင်မှုကို ပြစ်တင်ဝေဖန်နေတဲ့ အရင် မလေးရှား ၀န်ကြီးချုပ်ဟောင်း မဟာသီယာကတော့ ၀န်ကြီးချုပ်ရဲ့ တရားဝင်ပိုင်ဆိုင်မှုတွေ လူထုကို ချပြဖို့ တောင်းဆိုခဲ့ပါတယ်။
ဒီကုမ္ပဏီ ငွေရေးကြေးရေးပြဿနာကို ပြီးခဲ့တဲ့တပတ်က အမေရိကန်သတင်းစာကြီးဖြစ်တဲ့ ဝေါစထရီ ဂျာနယ် (Wall Street Journal) မှာ အသေးစိတ် ဖော်ပြခံရပြီးကတည်းက ၀န်ကြီးချုပ်အပေါ် ဖိအားတွေ တိုးလာတာပါ။
သူ့ရဲ့ နိုင်ငံရေးသက်တမ်းတလျှောက်မှာ အကြီးဆုံး စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတာပါ။
သူကတော့ ၀န်ကြီးချုပ်ဟောင်း မဟာသီယာဟာ သူတို့ကို ဖြုတ်ချဖို့ ကြိုးစားနေပြီး ကုမ္ပဏီငွေ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ပျောက်ဆုံးမှုလို့ စွပ်စွဲတာကလည်း အဓိပ္ပာယ်မရှိဘူးလို့ ပြောဆိုထားပါတယ်။