မြန်မာအလုပ်သမားစိစစ်ရေး ရုံးနှစ်ရုံး တိုးချဲ့ဖွင့်လှစ်မည်
DVB
·
May 24, 2011
ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေအတွက် နိုင်ငံသားစိစစ်ရေး ဆောင်ရွက်ဖို့ မြန်မာအစိုးရက နောက်ထပ် ရုံး နှစ်ရုံးကို တိုးချဲ့ ဖွင့်လှစ်မယ်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းခရိုင်မှာ မြန်မာအစိုးရ ဖွင့်ထားတဲ့ မြန်မာနိုင်ငံသား စိစစ်ရေးဌာနကို သွားရောက်ခဲ့တဲ့ ထိုင်းနိုင်ငံ အလုပ်သမား ရှာဖွေရေးဌာနအကြီးအကဲက မီဒီယာတွေကို ပြောပါတယ်။
နိုင်ငံသား စိစစ်ရေးဌာနတွေကို ရနောင်း၊ တာချီလိတ်၊ မဲဆောက်တို့လို နယ်စပ်မြို့တွေမှာ ဖွင့်လှစ်ပေးထားပြီး အခုအသစ်ဖွင့်မယ့် ဌာန နှစ်ခုကတော့ ထိုင်းနိုင်ငံ အတွင်းပိုင်ကျတဲ့ နခွန်စာဝမ်နဲ့ စမွတ်စာခွန်ခရိုင်တွေမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ တာဝန်ခံ ဦးကျော်သောင်းက မဟာချိုင်တခုတည်းမှာ အလုပ်သမား နှစ်သိန်းအထက်ရှိပြီး နခွန်စာဝမ်နဲ့ပေါင်းမယ်ဆိုရင် အနည်းဆုံး သုံးလေးငါးသိန်း ရှိတဲ့အတွက် အခုလို အလုပ်သမား±ုံးလာဖွင့်တာကို အများကြီး ကြိုဆိုထောက်ခံတယ်လို့ ပြောပါတယ်။
“အဲဒီလိုနေရာမျိုးတွေမှာ လာလုပ်တော့ အလုပ်သမားတွေ ကုန်ကျစရိတ်သက်သာမယ်။ ပွဲစားတွေကို ဖြတ်ကျော်ရတဲ့ အဆင့်တခုကျော်သွားမယ်။ လမ်းစရိတ်သက်သာမယ်၊ အချိန်အားဖြင့် မြန်ဆန်မယ်၊ ထိုင်းနိုင်ငံထဲကို မြန်မာအစိုးရကိုယ်တိုင် မြို့တိုင်းမြို့တိုင်းကို လာလုပ်ဖို့အတွက် အရင်ကတည်းက ကျနော်တို့ မြန်မာနိုင်ငံရကို အကြံပြုတောင်းဆိုပြီးဖြစ်တယ်။ အခုလို လာလုပ်တဲ့အတွက် ကျနော်တို့အနေနဲ့ အများကြီး ကြိုဆိုပါတယ်၊ ထောက်ခံပါတယ်။”
နိုင်ငံသားစိစစ်ပြီးမှာသာ မြန်မာအလုပ်သမားသားတွေဟာ ထိုင်းနိုင်ငံတွင်းမှာ အလုပ်လုပ်ခွင့်လက်မှတ်ကို ဆက်လက်လျှောက်ထားနိုင်ကြမှာလည်း ဖြစ်ပါတယ်၊
ထိုင်းနိုင်ငံထဲမှာ မြန်မာအလုပ်သမား ၂ သန်းခွဲကနေ ၃ သန်းလောက်ထိရှိတယ်လို့ အလုပ်သမားအကူအညီပေးရေးအဖွဲ့တွေက ခန့်မှန်းထားကြပါတယ်။
ထိုင်းနိုင်ငံ အလုပ်သမားရှာဖွေရေးဌာနအကြီးအကဲ နန်းစူထပ်စနီ စစ်ပ်ဝုန်ဖက်ရဲ့ အဆိုအရတော့ အခုအချိန်ထိ ရနောင်းမှာ ဖွင့်ထားတဲ့ နိုင်ငံသားစိစစ်ရေးဌာနမှာ မြန်မာအလုပ်သမား (၅) သိန်းလောက်ဟာ နိုင်ငံသားစိစစ်မှု ခံယူပြီးပြီလို့ ဆိုပါတယ်။
တပတ်အတွင်းမှာ ရနောင်းစခန်းတခုတည်းမှာပဲ မြန်မာအလုပ်သမား (၅) သိန်း လာရောက်ခဲ့ကြတဲ့အတွက်၊ ဒီနှုန်းအတိုင်းဆိုရင် မြန်မာအလုပ်သမားတွေကို ဇွန်လ ၁၅ ရက်နေ့မှာ အလုပ်သမား မှတ်ပုံတင်စလုပ်ဖို့ အစီအစဉ်ဟာ သေချာတယ်လို့ နန်းစူထပ်စနီ စစ်ပ်ဝုန်ဖက်က ပြောပါတယ်။