၂ နှစ်အတွင်း အမေရိကန်တပ်အင်အား ၄ သောင်းခန့် လျှော့ချမည်

လာမယ့် ၂ နှစ်အတွင်း အမေရိကန် တပ်အင်အား ၄ သောင်းလောက်ကို လျော့ချသွားဖို့ ရှိတယ်လို့ ယူအက်စ်အေ တူဒေး (USA Today) သတင်းမှာ ဖော်ပြပါတယ်။
ပြည်တွင်းနဲ့ နိုင်ငံခြားစစ်စခန်းတွေက တပ်သားအင်အားတွေကို လျော့ချရုံမက အရပ်သား ၀န်ထမ်း ၁၇၀၀၀ ကိုလည်း လျော့ချဖို့ စီစဉ်နေတယ်လို့ စစ်တပ်က ပြောပါတယ်။
လက်ရှိ အချိန်ပြည့် စစ်သားအင်အား ၄ သိန်း ၉ သောင်းကနေ ၄ သိန်းခွဲကို လျော့ချမယ့် အစီအစဉ်ဖြစ်လို့ ဒုတိယကမ္ဘာစစ်ထဲ အမေရိကန်မ၀င်ခင် ကာလတွေက ရှိခဲ့တဲ့ အရေအတွက်နဲ့ နှိုင်းယှဉ်ရင် အနည်းဆုံး ဖြစ်လာပါလိမ့်မယ်။
တပ်အင်အား လျော့ချမယ့် အစီအစဉ်ကို ၂၀၁၄ ဖေဖော်ဝါရီလကတုန်းက အဲဒီအချိန်က ကာကွယ်ရေး ၀န်ကြီး ချပ်စ်ဟေဂယ်က ကြေညာခဲ့ပါတယ်။
အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ၂၀၁၅ ခုနှစ် အသုံးစရိတ်ကို တင်ပြရင်းနဲ့ ပေါ်ထွက်လာတဲ့ အစီအစဉ်ဖြစ်သလို ပင်တဂွန်ရဲ့ ၄ နှစ် စီမံကိန်းမှာလည်း ဖော်ပြခဲ့ပါတယ်။
အစီအစဉ်ကို ဆက်လက်ဆောင်ရွက်နေတယ်လို့ ကာကွယ်ရေးဌာနအရာရှိတွေက အတည်ပြုပါတယ်။ အရပ်သား ၀န်ထမ်းတွေ လျော့ာ့ချရေး အစီအစဉ်ကို ဇူလိုင် ၉ ရက် ဒီနေ့မှာ အသေးစိတ် ကြေညာတဲ့အခါ ဘယ်ဌာနတွေက ၀န်ထမ်းတွေအပေါ် သက်ရောက်မလဲဆိုတာ ပါဝင်လာမှာ ဖြစ်ပါတယ်။
ဝန်ထမ်းလျော့ချရေးအစီအစဉ်ဟာ ပင်တဂွန်က ၁၀ နှစ်အတွင်း အသုံးစရိတ် အမေရိကန်ဒေါ်လာ ၁ ထရီလီယံ နီးပါး လျော့ချရေးအောက်မှာ အကျုံးဝင်ပါတယ်။