A d v e r t i s e m e n t With Us

ယီမင်ပြည်တွင်းစစ် ၁၅၀၀ ကျော် သေဆုံး

ဓာတ်ပုံ - ရိုက်တာ
အခုနှစ် မတ်လကုန်က စတင်ဖြစ်ပွားခဲ့တဲ့ ယီမင်ပြည်တွင်းစစ်မှာ သေဆုံးသူ အရပ်သား ၁၅၀၀ ကျော်သွားပြီလို့ ကုလသမဂ္ဂက ဇူလိုင် ၇ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။ အရပ်သား ၃၆၀၀ ကျော် ဒဏ်ရာရရှိကြပြီး ၁ သန်းကျော်ဟာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ စတက်ဖန်န် ဒူဂျာရစ်စ် (Stephane Dujarric) က သတင်းထောက်တွေကို ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ကုလသမဂ္ဂ လေ့လာရေးအဖွဲ့တဖွဲ့က မြေပြင်အခြေအနေကို သွားရောက်ကြည့်ရှုခွင့်ရခဲ့ပြီး ၂ ဘက်စလုံးက လူအခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံတကာ လူသားချင်းဆိုင်ရာ ဥပဒေ ချိုးဖောက်မှုတွေ ကျူးလွန်နေတာလည်း တွေ့ရတယ်လို့ ဒူဂျာရစ်စ်က ပြောပါတယ်။ လတ်တလော ဆော်ဒီအာရေဗျနိုင်ငံမှာ ခိုလှုံနေတဲ့ ယီမင်သမ္မတ ဟာဒီကို သစ္စာခံတဲ့ တပ်ဖွဲ့တွေက ဟူသီသူပုန်တွေကို သစ္စာခံသူ အနည်းဆုံး ၆ ဦးကို အကျဉ်းရုံး ကွပ်မျက်ခဲ့တဲ့ မှတ်တမ်းတွေလည်း ရရှိထားတယ်လို့ ဆိုပါတယ်။ ၃ လကြာ ပြည်တွင်းစစ်အတွင်း ကုန်းကြောင်း၊ ရေကြောင်းနဲ့ လေကြောင်းအားလုံးကို ပိတ်ဆို့ခံထားရလို့ ယီမင်ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ လူသားချင်းစာနာမှု အကူအညီတွေလည်း အရေးတကြီး လိုအပ်နေဆဲ ဖြစ်ပါတယ်။ နှစ်ဘက်ပဋိပက္ခအတွင်း အခြေခံ လူ့အခွင့်အရေးတွေနဲ့ လူသားချင်းဆိုင်ရာ ဥပဒေတွေကို လိုက်နာကြဖို့ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ထပ်မံတိုက်တွန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up