A d v e r t i s e m e n t With Us

ချေးငွေရရှိရေး ပြုပြင်ပြောင်းလဲမှုလုပ်မည်ဟု ဂရိဝန်ကြီးချုပ် ကတိပြု

ဓာတ်ပုံ - the guardian
ဂရိဝန်ကြီးချုပ် အဲလက်စ် စီပရက်က ဂရိကို ဘဏ္ဍာရေး အကျပ်အတည်းကနေ ဆွဲတင်နိုင်မယ့် ချေးငွေတွေ ရဖို့အတွက် ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်သွားမယ်လို့ ဥရောပလွှတ်တော်မှာ ကတိပြုလိုက်ပါတယ်။ ညံ့ဖျင်းတဲ့အစိုးရက ချန်ထားတဲ့ အမွေဆိုးတွေကို ပြုပြင်ပြောင်းလဲဖို့နဲ့ ၅ နှစ်ကြာ ခြိုးခြံချွေတာရေး အစီအစဉ်တွေကြောင့် မညီမျှမှုတွေ တိုးပွားနေတာကို ပြုပြင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဂရိဝန်ကြီးချုပ်က ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က ပြောပါတယ်။ သူ့ရဲ့ အဓိကရည်ရွယ်ချက်ဟာ အလုပ်လက်မဲ့ ပြဿနာကို တိုက်ဖျက်ဖို့နဲ့ စွန့်ဦးတီထွင်မှုကို အားပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရက်ဆဲလ်မှာ ယူရိုဇုန်နိုင်ငံတွေ အစည်းအဝေးအပြီး ဂရိ အကျပ်အတည်းအတွက် နည်းလမ်းရှာပြီး နောက်တရက်မှာ ဂရိဝန်ကြီးချုပ်က အခုလို ကတိပြုလိုက်တာပါ။ ဂရိအနာဂတ်နဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ လာမယ့် ဇူလိုင် ၁၂ ရက်နေ့ကျရင် ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံ အစည်းအဝေး ကျင်းပမယ်လို့ ၁၉ နိုင်ငံပါတဲ့ ယူရိုဇုန်နိုင်ငံတွေက ပြောပါတယ်။ ဒီမတိုင်ခင်မှာတော့ ဂရိအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို တင်ပြဖို့ ယူရိုဇုန်နိုင်ငံတွေက တောင်းဆိုထားပါတယ်။ ယူရိုဇုန်နိုင်ငံတွေကြားက သဘောတူညီချက်အရ ဂရိနိုင်ငံအနေနဲ့ ၂ နှစ် ချေးငွေ အစီအစဉ်အတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အသေးစိတ်ကို တင်ပြရပါမယ်။ အကယ်၍ ဥရောပကော်မရှင်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ဥရောပဗဟိုဘဏ်တို့က ဂရိရဲ့ အဆိုပြုချက်ကို လက်ခံမယ်ဆိုရင် ယူရိုအုပ်စု ဘဏ္ဍာရေးဝန်ကြီးတွေ ဇူလိုင် ၁၁ ရက်နေ့မှာ တွေ့ဆုံပြီး စည်းကမ်းသတ်မှတ်ချက်နဲ့ ပေးမယ့် ချေးငွေအစီအစဉ်တွေအတွက် ညှိနှိုင်းမှုတွေကို ဆက်လုပ်ဖို့ လမ်းပွင့်သွားနိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up