တရုတ်တွင် သက်တမ်းလွန် သင်္ဘောသီး ၃၂ တန်ကျော် သိမ်းဆည်း

တရုတ်နိုင်ငံမှာ သက်တမ်းလွန် သင်္ဘောသီးတန်ချိန် ၃၂ ဒသမ ၆၈ ကို ရဲတွေက နိုင်ငံအရှေ့ပိုင်းမှာ တွေ့ရှိခဲ့ကြပါတယ်။
အမေရိကန်ဒေါ်လာ ၄၈၃ မီလီယမ်တန်ဖိုးရှိ ရက်လွန်အသားတွေ တွေ့ရှိခဲ့ပြီး သီတင်းပတ် အနည်းငယ်အကြာမှာ အခုလို သက်တမ်းလွန်သင်္ဘောသီးတွေ ထပ်မံတွေ့ရှိခဲ့တာပါ။
ကျို့ကျန်းပြည်နယ်၊ ကျန်းပေ့ခရိုင်ထဲက နင်ဘိုမြို့မှာ ၂၀၁၀ ပြည့်နှစ်လောက်ကတည်းက အခြောက်ခံထားပြီး အအေးခန်းထဲမှာ သိမ်းဆည်းထားတဲ့ သင်္ဘောသီး ထုတ်ကုန်တွေကို တွေ့ရှိခဲ့တာဖြစ်ပြီး ၂ နှစ်လောက် ရက်လွန်နေတာဖြစ်တယ်လို့ တရုတ်နိုင်ငံအခြေစိုက် ချင်းကျန်း ညနေပိုင်းသတင်းစာက ဖော်ပြပါတယ်။
ဒေသတွင်း အစိုးရတာဝန်ရှိသူတွေက အဲဒီကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၂၂၅၀၀၀ ဒဏ်ငွေရိုက်လိုက်တာဖြစ်ပြီး အဲဒီကုမ္ပဏီနာမည်ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။
နောက်ဆုံးရ ကုန်သွယ်မှုမှတ်တမ်းတွေအရ အဲဒီ သက်တမ်းလွန် ထုတ်ကုန်တွေကို အိမ်နီးချင်း ကျန်းဆူပြည်နယ်၊ ဆူကျိုမြို့က စားသောက်ကုန်ထုတ်လုပ်ရေး လုပ်ငန်းတခုဆီ ရောင်းချပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့အနေနဲ့ အဲဒီ သက်တမ်းလွန် ထုတ်ကုန်တွေကို အသီးဖျော်ရည်နဲ့ ယိုထုတ်လုပ်မှုလုပ်ငန်းတွေမှာ အသုံးပြုပြီးလောက်ပြီလို့ အဲဒီ ဒေသဈေးကွက်ဆိုင်ရာ တာဝန်ရှိသူ ရဲအရာရှိ ၀မ်ဝေက ပြောပါတယ်။
တရုတ်ရဲတွေဟာ ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်းကလည်း အသားတွေ မှောင်ခိုတင်သွင်းတဲ့အဖွဲ့ ၂၁ ဖွဲ့ဆီမှ ရက်လွန်နေတဲ့ အသားတန်ချိန် ၁ သိန်းကျော်ကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။
အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ အဓိက လူမှုကွန်ရက် ၀က်ဘ်စာမျက်နှာတခုဖြစ်တဲ့ ဆီနာဝီဘိုမှာ အင်တာနက်အသုံးပြုသူတွေက ပြဿနာရင်းမြစ်တွေကို သေသေချာချာ ကိုင်တွယ်အပြစ်ပေးဖို့ ဒေါသတကြီး တိုက်တွန်းပြောကြားခဲ့ကြပါတယ်။