A d v e r t i s e m e n t With Us

ဆွစ်ဇာလန်က စနိုးဝှိုက်အမည်ရ မောင်းသူမဲ့ စာပို့လေယာဉ်

ဓာတ်ပုံ - Jean-Christophe Bott/EPA
ဇူလိုင်လမကုန်ခင်မှာ မောင်းသူမဲ့ လေယာဉ်တွေနဲ့ ချောစာနဲ့ ပစ္စည်းပို့ဆောင်မှုတွေကို စမ်းသပ်လုပ်ဆောင်သွားမယ်လို့ ဆွစ်ဇာလန် စာတိုက်ဝန်ဆောင်မှုလုပ်ငန်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ စာတိုက်ဝန်ဆောင်မှုလုပ်ငန်း အမှုဆောင်တွေဟာ မောင်းသူမဲ့ လေယာဉ်တွေနဲ့ ၀န်ဆောင်မှုပေးမယ့် အဲဒီအစီအစဉ်ကို ဇူလိုင် ၇ ရက်နေ့က ပထမဆုံး ထုတ်ဖော်ပြောလိုက်တာဖြစ်ပြီး ဇူလိုင်လမကုန်ခင် စတင်မယ်လို့ သည်ဂါးဒီးယန်းသတင်းမှာ ဖော်ပြပါတယ်။ စနိုးဝှိုက်လို့ အမည်ပေးထားတဲ့ မောင်းသူမဲ့ စာပို့လေယာဉ်တွေဟာ ပန်ကာဒလက်ပုံလက်တံ ၄ ခုနဲ့ ဖွဲ့စည်းတည်ဆောက်ထားပြီး ကိုယ်ထည်အတွင်း အလယ်ဗဟိုမှာတော့ စာတိုက်ဝန်ဆောင်မှုတံဆိပ်ပါတဲ့ အ၀ါရောင်သေတ္တာကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ “ဒီလေယာဉ်က တော်တော့်ကို ပေါ့ပေါ့ပါးပါး တည်ဆောက်ထားတာပါ။ ဘက်ထရီတလုံးတည်း အသုံးပြုပြီး ၁ ကီလိုမီတာကနေ ၁၀ ကီလိုမီတာ အကွာအဝေးထိ သယ်ယူပို့ဆောင်မှုတွေ လုပ်နိုင်မယ်။” လို့ ဆွစ်ဇာလန် စာတိုက်ဝန်ဆောင်မှုလုပ်ငန်းရဲ့ ထုတ်ပြန်ချက်တရပ်မှာ ဖော်ပြပါတယ်။ ဒီမောင်းသူမဲ့လေယာဉ်ကို အမေရိကန်အခြေစိုက် မက်တာနက်ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပါတယ်။ Cloud ဆော့ဖ်ဝဲကို အသုံးပြုထားပြီး ထိန်းချုပ်မောင်းနှင်နိုင်ကာ လုံခြုံစိတ်ချရတဲ့ လေကြောင်းလမ်းမှာ အလိုအလျောက် ပျံသန်းနိုင်မယ်လို့လည်း ဆိုပါတယ်။ ဆွစ်ဇာလန် စာတိုက်ဝန်ဆောင်မှုလုပ်ငန်းဟာ ဆွစ်ကမ္ဘာ့ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီနဲ့အတူ ဒီပရောဂျက်ကို ပူးပေါင်းလုပ်ဆောင်နေတာဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးအပြုရသေးခင်မှာ မောင်းသူမဲ့လေယာဉ်တွေနဲ့ ပတ်သက်ပြီး ပူပန်မှုရှိနေတယ်လို့ သတင်းက ဆိုပါတယ်။ “၅ နှစ်အတွင်း ဒီမောင်းသူမဲ့လေယာဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုခင်မှာ ကျနော်တို့ဘက်က လိုအပ်တာတွေကို ရှင်းရှင်းလင်းလင်း လုပ်ဆောင်ရဦးမှာပါ။” လို့ အဲဒီကုမ္ပဏီက ပြောပါတယ်။ ဆွစ်ဇာလန် စာတိုက်ဝန်ဆောင်မှုလုပ်ငန်း အနေနဲ့ ကန့်သတ်ထားတဲ့ ဘက်ထရီသက်တမ်း အပါအ၀င် နည်းပညာဆိုင်ရာ လိုအပ်ချက်တွေကို ဆက်ပြီး စမ်းသပ်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ လောလောဆယ်မှာတော့ ဆွစ်ဇာလန် စာတိုက်ဝန်ဆောင်မှုလုပ်ငန်းဟာ ဒီ မောင်းသူမဲ့ လေယာဉ်တွေကို အရေးပေါ်ကိစ္စတွေမှာ အဓိကအားဖြင့် အသုံးချသွားမယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up