A d v e r t i s e m e n t With Us

အတားအဆီးများကို ကျော်လွှားနိုင်သည့် ပိုးဟပ်စက်ရုပ်

ပိုးဟပ်ဟာ သူ့ရဲ့ခန္ဓာကိုယ် အချိုးအစားကို သုံးပြီး အတားအဆီးတွေကို ကျော်လွှားနိုင်ပါတယ်။ ကယ်လီဖိုးနီးယား ဘာကယ်လီတက္ကသိုလ်က သုတေသန ပညာရှင်တွေဟာ ဒီစက်ရုပ်ကိုလည်း ပိုးဟပ်လို လုပ်ဆောင်နိုင်အောင် ဖန်တီးထားပါတယ်။ အရင်ဆုံး သူတို့က မြန်နှုန်းမြင့်ကင်မရာတွေ သုံးပြီး ချပ်ပြားသဏ္ဌာန် ပိုးဟပ်ရဲ့လှုပ်ရှားပုံကို လေ့လာခဲ့ပါတယ်။ ပြီးမှ စတုဂံပုံစံနဲ့ ခြေ ၆ ချောင်းပါ စက်ရုပ်ကို အလယ်မှာ ကွက်လပ်ထားပြီး မြက်သဏ္ဌာန် ထောင်လိုက်တိုင်တွေ အတန်းလိုက်ချထားတဲ့ အတားအဆီးကို ဖြတ်သန်းစေပါတယ်။ တိုင်တွေနဲ့ ခဏခဏသွားငြိပေမယ့် ဘဲဥပုံချပ်ပြားသဏ္ဌာန် အခွံကို တပ်ဆင်ပေးလိုက်ချိန်မှာတော့ ရလဒ်က အကြီးအကျယ် ပြောင်းလဲသွားတာကို သုတေသနပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။ အတားအဆီးလမ်းကြောင်းတလျှောက် လူးလှိမ့်လှုပ်ရှားဖြတ်ကျော်ရာမှာ ဒီစက်ရုပ်က တကယ့်ပိုးဟပ်တွေလိုပဲ ကျွမ်းကျင်လှပါတယ်။ အပိုဆင်ဆာတွေ၊ မော်တာတွေ မပါဘဲနဲ့ကို အခုလိုမျိုး ဖြတ်ကျော်နိုင်တာပါ။ ပါရဂူဘွဲ့ကျောင်းသား ချန်လီ ဦးဆောင်တဲ့ ဒီအဖွဲ့ဟာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းနဲ့ ပတ်ဝန်းကျင် လေ့လာစောင့်ကြည့်ရေး လုပ်ငန်းတွေမှာ သုံးမယ့် အနာဂတ်စက်ရုပ်တွေရဲ့ ဒီဇိုင်းတွေအပေါ် အများကြီး လွှမ်းမိုးမှု ရှိလာမယ်လို့ မျှော်လင့်ထားပါတယ်။ သူတို့အဖွဲ့ရဲ့ သုတေသနစာတမ်းကို Bio inspiration & Bio mimetic ဂျာနယ်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up