ဖွံ့ဖြိုးရေးဘဏ်သစ် ဘုတ်အဖွဲ့အစည်းအဝေး ရုရှားတွင်ကျင်းပ

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကနိုင်ငံတို့ ပါဝင်တဲ့ အဖွဲ့က ဦးဆောင်ထူထောင်တဲ့ ဖွံ့ဖြိုးရေးဘဏ်သစ် New Development Bank (အန်ဒီဘီ) ဘုတ်အဖွဲ့ဝင်တွေရဲ့ ပထမဆုံး အစည်းအဝေးကို ရုရှားနိုင်ငံ မော်စကိုမှာ ဇူလိုင် ၇ ရက်နေ့က ကျင်းပခဲ့ပါတယ်။
အိန္ဒိယက စေလွှတ်လိုက်တဲ့ ကေဗီကာမက်ကို ဘဏ်ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်ပြီး ဘဏ်ရဲ့ ဌာနချုပ်ကို တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ မကြာခင် ဖွင့်လှစ်ဖို့ ရှိပါတယ်။
အန်ဒီဘီဘဏ်ကို အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံရှိတဲ့ ဘဏ်အဖြစ် ထူထောင်မှာ ဖြစ်ပြီး လောလောဆယ် မတည်ငွေ ဘီလီယံ ၅၀ ကို စတင်ထူထောင်တဲ့ နိုင်ငံတွေက အညီအမျှ ထည့်ဝင်ထားကြပါတယ်။
ရန်ပုံငွေဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အခြေခံ အဆောက်အဦကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ပေးသွားမယ်လို့ ရုရှားဘဏ္ဍာရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြခဲ့ပါတယ်။
ဘရစ် (BRICS) လို့ အတိုကောက်ခေါ်တဲ့ အဖွဲ့ဝင်တွေဟာ ဖွံ့ဖြိုးရေးဘဏ်အသစ်ကို ထူထောင်ဖို့ မနှစ် ဇူလိုင်လတုန်းက လက်မှတ်ထိုးခဲ့ကြပါတယ်။
အဖွဲ့ဝင်နိုင်ငံတွေမှာ အခက်အခဲကြုံလာရင် အကူအညီပေးနိုင်ဖို့ ရည်ရွယ်တဲ့ အရေးပေါ် ရန်ပုံငွေ (စီအာရ်အေ) အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံကိုလည်း စုပေါင်းထည့်ဝင်ဖို့ သဘောတူထားပါတယ်။
စီအာရ်အေကို တရုတ်က ၄၁ ဘီလီယံနဲ့ အများဆုံးထည့်ဝင်မှာဖြစ်ပြီး ဘရာဇီး၊ ရုရှားတို့က ၁၈ ဘီလီယံ၊ တောင်အာဖရိကနိုင်ငံက ၅ ဘီလီယံ အသီးသီး ထည့်ဝင်ကြမှာ ဖြစ်ပါတယ်။