A d v e r t i s e m e n t With Us

မြန်မာ့လေကြောင်း ဘိုးအင်းလေယာဉ်သစ်ဖြင့် ရန်ကုန်-စင်ကာပူပြေးဆွဲမည်

ဓာတ်ပုံ - boeing.com
မြန်မာအမျိုးသားလေကြောင်းလိုင်း (အမ်အန်အေ) ဟာ လာမယ့် သြဂုတ် ၁၇ ရက်နေ့ကစပြီး စင်ကာပူ-မြန်မာလေကြောင်းခရီးစဉ်ကို အသစ်ဝယ်ယူထားတဲ့ ဘိုးအင်း ၇၃၇-၈၀၀ လေယာဉ်နဲ့ စတင်ပြေးဆွဲတော့မယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ဒီခရီးစဉ်ကို စနေနေ့မှအပ ၁ ပတ်ကို ၆ ရက် ပြေးဆွဲသွားမယ်လို့ ဆိုပါတယ်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မနက် ၁၀ နာရီ ၁၅ မိနစ်မှာ ထွက်ခွာမယ့်လေယာဉ်ဟာ စင်ကာပူနိုင်ငံကို ဒေသစံတော်ချိန် ၂ နာရီ ၄၅ မိနစ်မှာ ဆိုက်ရောက်မှာဖြစ်ပြီး စင်ကာပူ ချန်ဂီလေဆိပ်မှ ညနေ ၄ နာရီ ထွက်ခွာမယ့်လေယာဉ်ဟာ ရန်ကုန်ကို ဒေသစံတော်ချိန် ၅ နာရီခွဲမှာ ဆိုက်ရောက်မှာ ဖြစ်ပါတယ်။ အမ်အန်အေရဲ့ အရောင်းနဲ့ ဈေးကွက်ဌာန တာဝန်ရှိသူ တဦးက “ဒါက မြန်မာအမျိုးသားလေကြောင်းလိုင်း အနေနဲ့ ပြည်ပခရီးစဉ်ကို ပထမဆုံး ပြေးဆွဲတာပါ။ နောက်ပိုင်းမှာ ဟောင်ကောင်နဲ့ တိုင်ပေခရီးစဉ်တွေ ဆက်လက်တိုးချဲ့သွားဖို့ ရှိပါတယ်။” လို့ ဒီဗွီဘီကို ပြောပါတယ်။ လက်မှတ်ခ သတ်မှတ်ဈေးနှုန်းတွေ အနေနဲ့ Economy Class အတွက် အသွား အပြန် လေယာဉ်လက်မှတ် ၂ စောင်ကို ရန်ကုန်ကနေ ၀ယ်ယူမယ်ဆိုရင် အမေရိကန်ဒေါ်လာ ၂၃၉ ကျသင့်မှာဖြစ်ပြီး စင်ကာပူက ၀ယ်ယူမယ်ဆိုရင်တော့ စင်ကာပူဒေါ်လာ ၂၈၉ ကျသင့်မယ်လို့ ဆိုပါတယ်။ အခု အသစ်ပြေးဆွဲမယ့် ဘိုးအင်း ၇၃၇-၈၀၀ အမျိုးအစားလေယာဉ်ဟာ ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့ကမှ မြန်မာပြည်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အမ်အန်အေဟာ ဂျီအီးစီအေအက်စ် လေယာဉ်ကုမ္ပဏီထုတ် ဘိုးအင်း ၇၃၇-၈၀၀ အမျိုးအစား ၅ စီးနဲ့ ၇၃၇ မက်စ်အိတ်အမျိုးအစား လေယာဉ် ၄ စီး ထပ်မံမှာယူထားတယ်လို့ သိရပါတယ်။ နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း (အမ်အန်အေ) ဟာ လက်ရှိမှာတော့ ပြည်တွင်းလေကြောင်း ခရီးစဉ် ၂၆ ခုကို ပြေးဆွဲနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up