ယီမင် ကားဗုံးကွဲမှု လူ ၁၀ ဦးထက်မနည်း သေဆုံး

ဓာတ်ပုံ - ရိုက်တာ
3.1K
ယီမင်နိုင်ငံ မြို့တော် ဆာနာနဲ့ တောင်ပိုင်းမြို့တမြို့မှာ ဇူလိုင် ၇ ရက်နေ့က ကားဗုံးကွဲမှု ၂ ခုအတွင်း လူ ၁၀ ဦးထက်မနည်း သေဆုံးသွားတယ်လို့ အစိုးရသတင်းဌာနဖြစ်တဲ့ ဆာဘာသတင်းဌာနက ကြေညာပါတယ်။
ဇူလိုင် ၆ ရက်နေ့က နိုင်ငံတ၀ှမ်းလုံးမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲတွေကြောင့် လူ ၂၀၀ နီးပါး သေဆုံးပြီးနောက် ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ရက်ဆက်ဖြစ်နေတာပါ။
ယီမင်အခြေစိုက်တဲ့ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အဖွဲ့က သူတို့လက်ချက်လို့ ကြေညာပါတယ်။
ကားဗုံးခွဲမှုတခုက ဆာနာမြို့လယ် ဆေးရုံအနီးမှာဖြစ်ပြီး ဟူသီသူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်ပါတယ်။
နောက်ထပ် ကားဗုံးခွဲမှုက တောင်ပိုင်းမှာ စစ်မြေပြင်တခုလို ဖြစ်နေတဲ့ ပြည်နယ်ရဲ့ မြို့တော်မှာပါ။ မျက်မြင်တွေနဲ့ ဟူသီအဖွဲ့ရဲ့ အဆိုအရ ဆာနာမြို့ တိုက်ခိုက်မှုမှာ လူအတော်များများ သေဆုံးပြီး ကားတွေနဲ့ အဆောက်အဦတွေ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ယီမင်မှာ မတ် ၂၆ ရက်နေ့ကစလို့ ဆော်ဒီ ခေါင်းဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်နေပြီး ဟူသီတွေ သူပုန်ထတဲ့ အချိန်ကနေ အခုအထိ လူ ၃၀၀၀ ကျော် သေဆုံးခဲ့ပြီး တိုက်ပွဲတွေဟာ တောင်ပိုင်းတကြောလုံး ပျံ့နှံ့နေတဲ့အတွက် ဆွန်နီနဲ့ ရှီးယား မွတ်စလင်တွေကြား ပဋိပက္ခအသွင်ကို ပြောင်းလဲလာပါတယ်။