A d v e r t i s e m e n t With Us

မီတာ ၁၀၀၀ ကျော်အမြင့် ပျံသန်းနိုင်မည့် ကျောပိုးဂျက်စက်

The Martin Jetpack ကျောပိုးဂျက်စက်ကို ၂၀၁၆ ခုနှစ်မှာ ဈေးကွက်စတင်ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။ ဒီဂျက်စက်ကို အရေးပေါ်တုံ့ပြန်မှု၊ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေမှာ အသွင်ပြောင်း သုံးလာနိုင်မယ်လို့ ၎င်းရဲ့ တီထွင်သူတွေက ယုံကြည်ထားကြပါတယ်။ ဂျင်မ်ဒရူရီဟာ ဒီဂျက်စက်ကို ဈေးကွက်ဖြန့်ချိမယ့်အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ပထမဆုံး ဈေးကွက်ဝင် ကျောပိုးဂျက်စက်တခု ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄ သောင်း ၅ ထောင် ကျသင့်ပါတယ်။ ဒီဂျက်စက်ကို ဆယ်စုနှစ် ၃ ခုစာ သုတေသနပြုအပြီးမှာတော့ မြေပြင်အထက် မီတာ ၁ ထောင်ကျော်ကို ၁ နာရီ ၇၄ မိုင်နှုန်းနဲ့ စမ်းသပ်ပျံသန်းမှု ပြုခဲ့ပါတယ်။ ပဲရစ်လေကြောင်းပြပွဲမှာ ပြသထားတဲ့ ဂျက်စက်ပုံတူဟာ ဧည့်သည်တော်တွေကို တကယ့်ဂျက်စက်ပျံသန်းရင် ခံစားရမယ့် အရသာကို ပေးနိုင်ပါတယ်။ “ဒါက တကယ့်ဂျက်စက်ပျံသန်းပုံနဲ့ အတူတူပါပဲ။ ဂျက်စက်နဲ့ ပျံသန်းရင် ဘယ်လို အတွေ့အကြုံမျိုး ခံစားရမလဲဆိုတာ လူတွေသိနိုင်မယ့် အခွင့်အရေးတခုပေါ့။” ပီတာကုက္ကာဟာ နယူးဇီလန်အခြေစိုက် ကုမ္ပဏီတခုရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်ပါတယ်။ ဒီဂျက်စက်က ဘေးကင်းလုံခြုံမှု အပြည့်ရှိပါတယ်လို့ ပီတာက ဆိုပါတယ်။ “ကျောပိုးဂျက်စက်ရဲ့ ကိုယ်ထည်ကို အန္တရာယ်ကင်းအောင် တည်ဆောက်ထားတာပါ။ ဖော်မြူလာဝမ်းပြိုင်ကား တည်ဆောက်ပုံနဲ့ အလွန်တူပါတယ်။ ဘေးကင်းမှုအတွက် တတ်နိုင်သမျှ ဆောင်ကြဉ်းပေးနိုင်အောင် ပဲ့ထိန်းလေထီးသစ် တမျိုးကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ အမြင့်ပေ အနိမ့်ဆုံး အခြေအနေတွေမှာတောင် လေထီးပွင့်ပြီး ယာဉ်ရော မောင်းနှင်သူကိုပါ အရေးပေါ် ကယ်ဆယ်ပေးနိုင်ပါတယ်။” အဆန်းသစ်ဆုံး P 12 ဗားရှင်းမှာဆိုရင် ပိုက်စွပ်ပန်ကာ ၂ လက်ကို လည်ပတ်စေတဲ့ ဓာတ်ဆီအင်ဂျင်တလုံးကို သုံးကာ မောင်းနှင်ခြင်းဖြစ်ပြီး ၀န်ချိန် ၁၂၀ ကီလိုဂရမ်ထိ သယ်ပိုးနိုင်ပါတယ်။ စွန့်စားလိုသူတွေကိုသာ ဒီဂျက်စက်က ဆွဲဆောင်နိုင်ပေမယ့် မူလက သွားရောက်ဖို့ ခက်ခဲတဲ့ နေရာတွေကို အရေးပေါ် ဆင်းသက်ပြီး ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေကို လုပ်ပေးနိုင်ဖို့လည်း ရည်ရွယ်ထားတာပါ။ P 12 ယာဉ်ဟာ ဒေါင်လိုက်ပျံတက်နိုင်၊ ဆင်းသက်နိုင်တာကြောင့် ကောင်းကင်ကြိုးတွေနဲ့ ၀ါယာတွေ ဖုံးနေတဲ့ အိမ်ခေါင်မိုးတွေပေါ်နဲ့ အရမ်းကို ကျဉ်းကျပ်တဲ့နေရာထိ ဆင်းသက်နိုင်ပါတယ်။ ဒီယာဉ်ဟာ လေထဲမှာ မိနစ် ၃၀ ကြာ နေနိုင်ပြီး ရဟတ်ယာဉ်တွေရဲ့နေရာမှာ အစားထိုး သုံးစွဲနိုင်မယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ တရုတ်လေကြောင်း အဖွဲ့တခုဖြစ်တဲ့ ကွမ်ရှိ (Kuang-Chi Science) က ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၄၀ ထည့်ဝင်ဖို့ ကတိခံထားပါတယ်။ ဥက္ကဋ္ဌ ဒေါက်တာရိုပင်းလျုကလည်း သူ့ကိုယ်ပိုင်ဂျက်စက်တစင်းကို မောင်းနှင်ကြည့်ဖို့ စိတ်အားထက်သန်နေပါတယ်။ “ကျနော့်ဘာသာ ပျံသန်းနိုင်ဖို့ ဂျက်စက်တစင်းတော့ ၀ယ်ဦးမှာပါပဲ။ ဒီယာဉ်က ကမ္ဘာပေါ်မှာ မြင်ဖူးသမျှ ယာဉ်တွေထဲမှာ အကောင်းဆုံးပါပဲ။ လူတွေကလည်း နှစ်သက်ကြမှာပါ။” ဂျက်စက်ကို ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ စတင်ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။ ရောင်းအား အလွန်ကောင်းလိမ့်မယ်လို့လည်း တီထွင်ထုတ်လုပ်သူတွေက ယုံကြည်ထားကြပါတယ်။  

A d v e r t i s e m e n t With Us

More News
Up