မိခင်ကမ္ဘာမြေကို ကာကွယ်ကြရန် ပုပ်ရဟန်းမင်းကြီး မိန့်ကြား

ဓာတ်ပုံ - ရိုက်တာ
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ယိုယွင်းနေတဲ့ အရှိတရားတွေကို မျက်ကွယ်မပြုကြဖို့၊ ဒီလို ပျက်စီးနေတာကြောင့် ဆင်းရဲသားတွေ ဒုက္ခရောက်ကြရတယ်ဆိုတာ မမေ့ကြဖို့ သတိပေးလိုက်ပါတယ်။ ကမ္ဘာကြီးကို မဖြစ်မနေ ကာကွယ်ဖို့ကလွဲလို့ တခြား ရွေးချယ်စရာ မရှိတော့ဘူးလို့လည်း အီကွေဒေါနိုင်ငံကို ရောက်နေတဲ့ ၃ ရက်မြောက်နေ့မှာ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားလိုက်တာပါ။ “မိမိပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အရှိတရားတွေကို မျက်ကွယ်ပြုထားလို့ မဖြစ်တော့ပါဘူး၊ မိမိတို့ရဲ့ ညီအစ်ကို သားချင်းတွေနဲ့ မိခင်ကမ္ဘာမြေကို လျစ်လျူရှုထားလို့ မဖြစ်တော့ပါဘူး” လို့ ပွန်တီဖီကယ် ကက်သလစ် တက္ကသိုလ် ပါမောက္ခတွေနဲ့ ကျောင်းသားကျောင်းသူတွေကို ပုပ်ရဟန်းမင်းက မိန့်ပါတယ်။ လာမယ့် ဒီဇင်ဘာလကျရင် ပါရီမှာ ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ထိပ်သီး အစည်းအဝေးကျရင် ဒီကိစ္စ လွှမ်းမိုးစေချင်လို့ အလည်အပတ်ရောက်တဲ့ နိုင်ငံတိုင်းမှာ အစိုးရတွေကို စည်းရုံးလှုံ့ဆော်နေတယ်လို့ ပုပ်ရဟန်းမင်းက မိန့်ပါတယ်။ အီကွေဒေါမှာ ပုပ်ရဟန်းမင်းရဲ့ မိန့်ကြားချက်တွေဟာ စက်တင်ဘာကျရင် အမေရိကန် ခရီးစဉ်မှာ ပြောမယ့် အကြောင်းအရာတွေရဲ့ ရှေ့ပြေးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ရှေးရိုးစွဲတွေ အတော်များများကတော့ သိပ္ပံရေးရာ ကိစ္စမှာ ပုပ်ရဟန်းမင်းအနေနဲ့ ၀င်စွက်ဖို့ မသင့်ဘူးလို့ ဆိုကြပါတယ်။ တဘက်မှာလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုလားတဲ့ ပုဂ္ဂိုလ်တွေက ပုပ်ရဟန်းမင်းကို ထောက်ခံကြပါတယ်။ ဒီအထဲမှာ အမေရိကန်သမ္မတ ဘာရတ်အိုးဘားမားနဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့လည်း ပါဝင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up