အိုလံပစ်ခြေစစ်ပွဲ ဗန်နူအာတူက မိုက်ခရိုနီးရှားကို ၄၆ ဂိုးသွင်း (ရုပ်သံဟိုက်လိုက်)

ဇူလိုင် ၇ ရက်နေ့က ကျင်းပခဲ့တဲ့ ပစိဖိတ်ဒေသ အိုလံပစ် ဘောလုံး ခြေစစ်ပွဲမှာ ဗန်နူအာတူအသင်းက မိုက်ခရိုနီးရှားအသင်းကို ၄၆ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ကမ္ဘာ့ဘောလုံးအဆင့် ၂၀၀ မှာ ရပ်တည်နေတဲ့ ဗန်နူအာတူအသင်းက မိုက်ခရိုနီးရှားအသင်းကို ပထမပိုင်းမှာ ၂၄ ဂိုး သွင်းယူထားပြီး ကစားသမား ဂျင်းကားလ်တက်ခ် တဦးတည်းက ၁၆ ဂိုးသွင်းယူခဲ့ပါတယ်။ မိုက်ခရိုနီးရှားအသင်းဟာ နောက်ဆုံး ၃ ပွဲကစားပြီးချိန်မှာ စုစုပေါင်း ၁၁၄ ဂိုး ပေးခဲ့ရပြီး ဖြစ်ပါတယ်။ “ဒါဟာ ကလေးတွေနဲ့ လူကြီးတွေ ယှဉ်ပြိုင်ရသလိုပဲ” လို့ မိုက်ခရိုနီးရှားအသင်း နည်းပြ စတန်ဖော်စတာက အဲဒီပွဲစဉ်ရှုံးနိမ့်အပြီး ပြောပါတယ်။ “အသင်းအနေနဲ့ မူလတန်းအဆင့်လောက်ပဲ ရှိသေးတာမို့ ကျနော်တို့အတွက် တော်တော် ခက်ခဲပါတယ်။ ကျနော်တို့ ဒီထက်ပိုကောင်းတဲ့ အတွေ့အကြုံတွေ၊ အရည်အသွေးတွေရအောင် ပြင်းပြင်းထန်ထန် ကြိုးစားရဦးမယ်။ ကစားသမားအများစုဟာ ကျွန်းပေါ်က သူတို့ ရွာတွေမှာပဲနေပြီး ပြင်ပကမ္ဘာကို တခါမှ မထွက်ဖူးကြပါဘူး။ သူတို့အတွက် ဒါဟာ အကြီးမားဆုံး လှေကားထစ်တခုပါပဲ။” မိုက်ခရိုနီးရှားနိုင်ငံဟာ သမုဒ္ဒရာကျွန်းစုနိုင်ငံများ ဘောလုံးအဖွဲ့ချုပ် ခြေစစ်ပွဲကို ပထမဆုံးအကြိမ် ၀င်ရောက်တာဖြစ်ပြီး တဟီတီအသင်းကို ၃၀ ဂိုး - ဂိုးမရှိ၊ ၂ နှစ်ဆက်တိုက် ခြေစစ်ပွဲအောင်တဲ့ ဖီဂျီအသင်းကို ၃၈ ဂိုး- ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ၃၀ ဂိုး ဂိုးမရှိရလဒ်ဟာ ဗန်နူအာတူအသင်းအတွက် အနည်းဆုံး လိုအပ်ချက်ဖြစ်ပြီး ဂိုးကွာဟချက်နဲ့ ဆုံးဖြတ်မယ့် အုပ်စုတက်ရေးအတွက် အဆုံးအဖြတ်ပဲ ဖြစ်ပါတယ်။ ရုပ်သံ - theguardian  

//
More News
Up