A d v e r t i s e m e n t With Us

ယူရိုငွေ အသုံးပြုနိုင်ငံများ ထိပ်သီးအစည်းအဝေး အကြို ဘဏ္ဍာရေးဝန်ကြီးများ တွေ့မည်

ဓာတ်ပုံ - ရိုက်တာ
ယူရိုငွေ အသုံးပြုတဲ့ နိုင်ငံတွေရဲ့ ထိပ်သီးအစည်းအဝေး ရှေ့ပြေးအဖြစ် ဘဏ္ဍာရေး ၀န်ကြီးတွေ ဇူလိုင် ၇ ရက်နေ့မှာ ဘရပ်ဆဲလ်မှာ တွေ့ဆုံကြဖို့ ရှိပါတယ်။ ဂရိ ဆန္ဒခံယူပွဲ အလွန်မှာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြန်စနိုင်ဖို့အတွက် ဂရိနိုင်ငံဘက်က အဆိုပြုချက် အသစ်တွေကို ဆွေးနွေးမယ်လို့ ယူရိုအုပ်စုရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အရင်တပတ်က ဂရိဝန်ကြီးချုပ် အဲလက်ဇီ စီပရက်က လူထုဆန္ဒခံယူကို ကျင်းပဖို့ ကြေညာလိုက်ကတည်းက ဂရိနဲ့ ယူရိုဇုန် အုပ်စုတို့ကြားက ဆွေးနွေးပွဲတွေ တခန်းရပ်ခဲ့တာပါ။ တနင်္ဂနွေနေ့ လူထုဆန္ဒခံယူပွဲမှာ ဂရိပြည်သူတွေက အကြွေးရှင်နိုင်ငံတွေက အဆိုပြုချက်တွေကို မမျှော်လင့်ဘဲ ပယ်ချလိုက်တာကြောင့် ဂရိအစိုးရနဲ့ ညှိနှိုင်းမှုတွေမှာ ပိုခက်ခဲသွားနိုင်စရာ အကြောင်းလည်း ရှိနေပါတယ်။ ဇူလိုင် ၆ ရက်နေ့မှာတော့ ဂရိဝန်ကြီးချုပ်က နိုင်ငံရေးပါတီ အသီးသီးက ခေါင်းဆောင်တွေကို ခေါ်ယူဆွေးနွေးခဲ့ပြီး နိုင်ငံတကာ ကြွေးရှင်နိုင်ငံတွေနဲ့ ညှိနှိုင်းမှုတွေ ဆက်လုပ်တဲ့အခါမှာ ဂရိနိုင်ငံရေး ခေါင်းဆောင်တွေအားလုံး ညီညွတ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီမတိုင်ခင်လေးမှာပဲ ယူရိုဇုန်က ဆွေးနွေးဘက်တွေနဲ့ ဆက်ဆံရေး အဆင်မပြေတဲ့ ဂရိ ဘဏ္ဍာရေးဝန်ကြီး နုတ်ထွက်သွားခဲ့ပါတယ်။ ဇူလိုင် ၅ ရက်နေ့ လူထုဆန္ဒခံယူပွဲ အလွန်ကာလမှာ ဂရိနိုင်ငံရဲ့ အခြေအနေဟာ မရေမရာ ဖြစ်နေပြီး ဘဏ်စနစ်တွေ ပြိုကျသွားနိုင်သလို ယူရိုဇုန်ကနေ အပယ်ခံနိုင်ငံဖြစ်မယ့် အခြေအနေမျိုးအထိ ဦးတည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up