A d v e r t i s e m e n t With Us

ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချနိုင်မည့် မောင်းသူမဲ့ လျှပ်စစ်ကား

ဓာတ်ပုံ - ibtimes
မောင်းသူမဲ့ လျှပ်စစ်ကားတွေဟာ ကုန်ကျစရိတ်သက်သာပြီး ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ၉၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်မှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံ၊ လောရန့်စ်ဘာကလေ အမျိုးသားသုတေသနဌာနက ပြောတာကို ရည်ညွှန်းပြီး International Business Times သတင်းမှာဖော်ပြပါတယ်။ လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ ရောင်းချမယ့် ကားတွေရဲ့ ၅ ရာခိုင်နှုန်း (စီးရေ ၈ သိန်းလောက်) ဟာ မောင်းသူမဲ့ လျှပ်စစ်အငှားယာဉ်တွေအဖြစ် ပြောင်းလဲတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလို ပြောင်းလဲလိုက်ခြင်းဖြင့် နှစ်စဉ် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုက ရလာမယ့် ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ပမာဏ ၂ ဒသမ ၁ မီလီယမ်ကနေ ၂ ဒသမ ၄ မီလီယမ်ကြား တန်ချိန်ကို လျှော့ချလိုက်ရာရောက်ပြီး နှစ်စဉ် အသုံးပြုနေတဲ့ လောင်စာဆီ ပမာဏ ၇ မီလီယမ်လောက်ကို ချွေတာရာ ရောက်တယ်လို့ ပြောပါတယ်။ ဒါဟာ ၂ မဂ္ဂါဝပ် လေအားလျှပ်စစ် ထုတ်လုပ်မှုထက် အဆ ၁၀၀၀ လောက် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှုကို ချွေတာပေးနိုင်ပါလိမ့်မယ်။ ၂၀၃၀ ခုနှစ်မှာ မောင်းသူမဲ့ လျှပ်စစ်အငှားယာဉ်တွေရဲ့ တမိုင်ခရီး ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုဟာ ပုဂ္ဂလိက ဟိုက်ဘရစ်ဒ်ကားတွေထက် ၆၃ ရာခိုင်နှုန်းကနေ ၈၂ ရာခိုင်နှုန်းထိ ပိုနည်းစေမှာဖြစ်ပြီး ၂၀၁၄ ခုနှစ် ဓာတ်ဆီအသုံးပြုကားထက် ၉၀ ရာခိုင်နှုန်း ပိုနည်းစေပါလိမ့်မယ်။ ပုဂ္ဂလိက ဟိုက်ဘရစ်ဒ်ကားတွေထက် ပိုသာတဲ့ အချက်တွေကတော့ မှန်ကန်တဲ့ နေရာထိုင်ခင်း အခြေအနေပါပဲ။ အဲဒီနေရာထိုင်ခင်းပုံစံက ကုန်ကျစရိတ်ကို ထက်ဝက်သက်သာစေပါတယ်။ ခရီးဆောင်အိတ်မပါဘဲ တဦးတည်းအတွက် ဒါမှမဟုတ် ခရီးဆောင်အိတ်တွေနဲ့ ခရီးသည် ၄ ဦးစာ စီးနိုင်တဲ့ အစားစားသော လိုအပ်ချက်တွေအလိုက် အဲဒီကားတွေကို နောက်ပိုင်းမှာ ရရှိလာနိုင်မယ်လို့ သတင်းကဆိုပါတယ်။ လောရန့်စ်ဘာကလေ အမျိုးသားသုတေသနဌာနက သိပ္ပံပညာရှင် ပူးတွဲစာရေးသူနှစ်ဦးဖြစ်တဲ့ ဂျက်ဖရီ ဂရင်းဘလက်တ်နဲ့ ဆမ်ဘက်ဆက်ဆီနာတို့ဟာ အဲဒီလေ့လာမှုကို သဘာဝရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ခေါင်းစဉ် “အမေရိကန် အများသုံး ပို့ဆောင်ရေးယာဉ်များမှ ထုတ်လုပ်သော ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို မောင်းသူမဲ့ အငှားယာဉ်တွေက ထိထိရောက်ရောက် လျှော့ချပေးနိုင်မည်” ဆိုတဲ့အမည်နဲ့ ထုတ်ပြန်ခဲ့ပါတယ်။ “အမေရိကန်နိုင်ငံမှာ ခရီးထွက်ကြရင် များသောအားဖြင့် တယောက်၊ ဒါမှမဟုတ် နှစ်ယောက် လိုက်ပါနိုင်တဲ့ ကားတွေနဲ့ သွားလေ့ရှိကြတယ်။ ကားသေးသေးနဲ့ သွားတာဟာ ကျနော်တို့အတွက် စွမ်းအင်ကုန်ခန်းမှုနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချပေးနိုင်တယ်ဆိုတဲ့ အဖြေ ၂ ခုရတယ်။” လို့ ဂျက်ဖရီဂရင်းဘလက်တ်က ဆိုပါတယ်။ လက်ရှိကာလမှာတော့ အမေရိကန်နိုင်ငံမှာ ခရီးသွားလာမှုတွေရဲ့ ၆၂ ရာခိုင်နှုန်းဟာ တဦးချင်း သွားလာတဲ့ကားတွေနဲ့ သွားကြတဲ့ခရီးတွေ ဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။ အမေရိကန်နိုင်ငံ ကာဗွန်ထုတ်လွှတ်မှု အမြင့်ဆုံးရင်းမြစ်ဟာ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍကဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုဟာ ၂၃၀၀ မီဂါတန်ချိန်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up