A d v e r t i s e m e n t With Us

သပိတ်ကျင်းမြို့နယ်တွင် ရွာသားများနှင့် ရွှေတူးဖော်ရေးကုမ္ပဏီ ပဋိပက္ခဖြစ်ပွား

ဓာတ်ပုံ - ကိုခင်မောင်ထွေး
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာမှာ ဒေသခံရွာသားတွေနဲ့ ရွှေတူးဖော် ကုမ္ပဏီတို့အကြား ပဋိပက္ခဖြစ်ပွားခဲ့တဲ့အတွက် ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။ သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာ မနေ့မွန်းလွဲပိုင်း ၁ နာရီလောက် လောက်ကစပြီး ရွာသူရွာ သားတွေနဲ့ မြန်မာစည်သူရွှေတူးဖော်ရေးကုမ္ပဏီတို့အကြား ပဋိပက္ခဖြစ်ပွားခဲ့တာဖြစ် တယ်လို့ ရွာခံတဦးက ပြောပါတယ် ။ “ပြဿ   နာ ဘယ်လိုစဖြစ်လဲတော့ မသိဘူး။ ရွာသားတွေကို လုပ်တယ်လို့ ပြောတာပဲ။ ရွာသားတွေ က ဒဏ်ရာ ၃ ယောက်လောက်တော့ရတယ်။ တယောက်က များများစားစားရတယ်။” ရဲတပ်ဖွဲ့ဝင်တွေလည်း ဒဏ်ရာရသွားသလို မြန်မာစည်သူ ရွှေတူးဖော်ရေး ကုမ္ပဏီပိုင် ကားတွေ ဆိုင်ကယ်တွေကိုလည်း ရွာသားတွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ လက်ရှိ ရဲတပ်ဖွဲ့တွေရော၊ စစ်တပ်တွေပါ အဲဒီရွာမှာ သွားရောက်လုံခြုံရေးယူထား သလို ရွာသားတွေဘက်ကလည်း မန္တလေးက ဘုန်းကြီးတွေရဲ့ အကူအညီအစောင့်အရှောက် ယူထားသလို နှစ်ဖက်တင်းမာမှုတွေရှိနေတယ်လို့ မန္တလေးက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးအေးသိန်းက ပြောပါတယ်။ “အဲဒီမှာကတော့ စစ်သားက ကား ၇ စီးနဲ့ ရောက်လာတယ်။ ရဲအင်အားက ၃၀ ကျော်လောက်ရှိ တယ်။ သူက ကုမ္ပဏီကို အကာအကွယ်ပေးတဲ့သဘောပေါ့။ နောက်တခုက ရွာသားတွေက မန္တလေးက ဘုန်းကြီးနဲ့တူပါတယ်။ အပါး ၅၀ ကိုသွားပင့်လာတာပေါ့။ အဲတော့ ဘုန်းကြီးနဲ့ ရွာလူထုနဲ့ပေါင်းမိသွားတယ်။ ဘုန်းကြီးက ရွာထုကို ကာကွယ်ပေးတဲ့သဘောပေါ့။ အဲတော့ နှစ်ဖက်ကတော့ တင်းနေကြတယ်။ ” နှစ်ဖက်တင်းမာမှုတွေနဲ့ပတ်သက်ပြီး တိုင်းမှူးကဆင်းလာတဲ့အတွက် ရွာသူရွာသားတွေ၊ ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ ဒေသခံအာဏာပိုင်တွေက ညှိနှိုင်းနေကြပါတယ်။ ညနေ ၅ နာရီအထိ ညှိနှိုင်းနေဆဲဖြစ်ပါတယ်။ ပဋိပက္ခဖြစ်ပွားမှုနဲ့ပတ်သက်ပြီး သပိတ်ကျင်းရဲစခန်းကို မေးမြန်းရာမှာတော့ စခန်းမှူးက သွားရောက်ဖြေရှင်းနေဆဲမို့ အခြေအနေ အတိအကျကို မသိရသေးဘူးလို့ တာဝန်ကျ ရဲအရာရှိက ဒီဗွီဘီကို ပြောပါတယ်။ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကြီး ကျေးရွာအုပ်စုအတွင်း   ရွှေတူးဖော်ရေး ကုမ္ပဏီတွေ ဝင်ရောက်တူးဖော်နေခြင်းကို အရေးယူပေးဖို့နဲ့  ထွက်ခွာပေးဖို့ ပြီးခဲ့တဲ့ မေလတုန်းကလည်း ဒေသခံ ၃၀၀ ကျော်က ဆန္ဒပြခဲ့ပါသေးတယ်။ အဲဒီကျေးရွာအုပ်စုမှာ မြန်မာစည်သူ ရွှေတူးဖော်ရေး ကုမ္ပဏီ၊ ဝေလင်းထိုက် ရွှေတူးဖော်ရေး ကုမ္ပဏီနဲ့ လက်ပံပြန့်ကျေးရွာ ဒေသဖွံ့ဖြိုးရေးကုမ္ပဏီတို့က ဝင်ရောက်တူးဖော်နေတာဖြစ်ပြီး လက်ရှိမှာတော့ မြန်မာစည်သူကုမ္ပဏီနဲ့ ပြဿ     နာဖြစ်ပွားတာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up