ဂင်းနက်စ်မှတ်တမ်းဝင် သက်ရှည် ဂျပန်အဖိုးအို ကွယ်လွန်

ဓာတ်ပုံ - အေအက်ဖ်ပီ
2.7K
ဂင်းနက်စ်ကမ္ဘာ့မှတ်တမ်းဝင် အသက်အကြီးဆုံး အမျိုးသား ဂျပန်အဖိုးအို ဆာကာရီမက်မွိုင်ဟာ တိုကျိုမြို့မှာ ဇူလိုင် ၅ ရက်နေ့က ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
အသက် ၁၁၂ နှစ်အရွယ် အဖိုးအိုဟာ အငြိမ်းစား ကျောင်းအုပ်ဆရာကြီးတဦးဖြစ်ပြီး ကလေး ၅ ယောက်ဖခင် ဖြစ်ပါတယ်။
ရိုက်ညီနောင်က ပထမဆုံးလေယာဉ်ကို တီထွင်ခဲ့တဲ့နှစ်၊ ၁၉၀၃ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ဟာ သူ့ရဲ့မွေးနေ့ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်ပြီးတဲ့ အချိန်မှာတော့ သူဟာ အသက် ၄၂ နှစ် ရှိနေပါပြီ။
ဂျပန်နိုင်ငံ၊ ဖူကူရှီးမားဇာတိ အဖိုးအို ဆာကာရီမက်မွိုင်ဟာ ကျောင်းဆရာတယောက်အဖြစ် စတင် အသက်မွေးခဲ့ပြီး နောက်ပိုင်းမှာ အထက်တန်းကျောင်းအုပ် ဖြစ်ခဲ့တာပါ။
သူဟာ စာဖတ်ခြင်း၊ အထူးသဖြင့် တရုတ်ကဗျာတွေ ဖတ်ရတာကို သဘောကျပြီး ခရီးသွားခြင်းကိုလည်း နှစ်သက်ကာ ဂျပန်နိုင်ငံအနှံ့ သူ့အမျိုးသမီးနဲ့ ခရီးတွေထွက်ရတာ သဘောကျတယ်လို့ ဆိုပါတယ်။
ဆာကာရီမက်မွိုင်ဟာ ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်းမှာ ၂၀၁၄ ခုနှစ်၊ သြဂုတ်လက ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားအဖြစ် မှတ်တမ်းတင်ခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီမှတ်တမ်းကို လက်ခံပြီးချိန်မှာ သူက “နောက်ထပ် ၂ နှစ်လောက် အသက်ဆက်ရှင်ချင်သေးတယ်။” လို့ ပြောခဲ့ပါသေးတယ်။
ဂျပန်နိုင်ငံက ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်၊ ဂင်းနက်စ်စံချိန်ဝင် အမျိုးသမီး အဖွားအို မီဆာအိုကာဝါဟာလည်း ပြီးခဲ့တဲ့ ဧပြီလက ကွယ်လွန်သွားခဲ့ပါတယ်။
ဂျပန်အဖိုးအို ဆာကာရီမက်မွိုင် ကွယ်လွန်ပြီးနောက် သူ့ထက် တလနောက်ကျပြီး မွေးဖွားခဲ့တဲ့ ယာဆူတာ အိုကွိုင်ဒ် ရှိနေပေမယ့် ဂင်းနက်စ်အဖွဲ့အနေနဲ့ ခုချိန်ထိ ကမ္ဘာ့အကြီးဆုံး အမျိုးသားကို ကြေညာခြင်း မရှိသေးပါဘူး။
ဂင်းနက်စ်မှတ်တမ်းအရ အသက်အရှည်ဆုံး ပုဂ္ဂိုလ်အဖြစ် အကြာဆုံး နေထိုင်နိုင်သူကတော့ ပြင်သစ်နိုင်ငံသူ အဖွားအို ယန်းကာလ်မန်ဖြစ်ပြီး သက်တမ်း ၁၂၂ နှစ်နဲ့ ၁၆၄ ရက် နေထိုင်သွားခဲ့တာပါ။
သူမကတော့ ၁၉၉၇ ခုနှစ်၊ သြဂုတ်လမှာ ကွယ်လွန်ခဲ့ပါတယ်။