A d v e r t i s e m e n t With Us

တောင်တရုတ်ပင်လယ်အရေး အိုင်စီစီ တင်မည့်ကိစ္စ ဖိလစ်ပိုင်တွင် ထောက်ခံဆန္ဒပြ

ဓာတ်ပုံ - ရိုက်တာ
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ တက်ကြွလှုပ်ရှားသူ ၂ ဒါဇင်လောက်ဟာ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်က နိုင်ငံတကာ ခုံရုံးတင်မယ့် အစီအစဉ်ကို ထောက်ခံတဲ့ အနေနဲ့ရော၊ တရုတ်ကို ဆန့်ကျင်တဲ့ အနေနဲ့ပါ ဇူလိုင် ၇ ရက်နေ့မှာ ဆန္ဒပြကြပါတယ်။ တရုတ်နိုင်ငံကို ဖိလစ်ပိုင်က တိုင်ကြားထားတဲ့ တောင်တရုတ်ပင်လယ်ပိုင်နက် အငြင်းပွားမှု ပြဿနာနဲ့ ပတ်သက်လို့ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာရှိတဲ့ နိုင်ငံတကာ ရာဇ၀တ်မှုတရားရုံး (အိုင်စီစီ) မှာ ဒီနေ့  စတင်ကြားနာစစ်ဆေးဖို့ ရှိနေတာပါ။ ဒီတပတ်ထဲမှာ ဥပဒေ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ အဆင့်မြင့် အဖွဲ့တဖွဲ့ကို ဖိလစ်ပိုင် အစိုးရက နယ်သာလန်နိုင်ငံ သည်ဟိတ်မှာရှိတဲ့ နိုင်ငံတကာ ခုံရုံးကို စေလွှတ်ထားပါတယ်။ ပင်လယ်ရေပြင်ဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက် အောက်ကနေ တောင်တရုတ်ပင်လယ်ပြင် အရေးကို အမှုရင်ဆိုင်သွားမယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဌာနက ဆိုပါတယ်။ ဆန္ဒပြသမားတွေဟာ အမျိုးသားရေးဝါဒကို ဖော်ကျူးတဲ့ ဆိုင်းပုဒ်တွေကို ကိုင်ဆောင်ထားကြပြီး တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်ရဲ့ နယ်မြေချဲ့ထွင်မှုကို ရပ်တန့်ဖို့ တောင်းဆိုကြပါတယ်။ တရုတ်အစိုးရကို ရှုတ်ချဖို့ တာဝန်တရပ်လို ခံယူထားသလို ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့ဟာလည်း အရမ်း အရေးကြီးပါတယ်လို့ မျိုးချစ်မဟာမိတ် အဖွဲ့သစ်ရဲ့ အတွင်းရေးမှူး ရီနာတို ရေးစ်က ပြောပါတယ်။ ဖိလစ်ပိုင်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့၊ မိမိနိုင်ငံရဲ့ ရေထုမြေထုကို ကာကွယ်ဖို့  ပြည်သူတွေမှာ တာဝန်ရှိတယ်လို့လည်း ဆိုပါတယ်။ ဖိလစ်ပိုင် နိုင်ငံခြားရေးဌာနက အမှုကို ဒီတပတ်ထဲ ခုံရုံးမှာ တင်သွားမယ်လို့ ပြောထားပြီး တရုတ်အစိုးရကတော့ ဖိလစ်ပိုင်ရဲ့ လုပ်ရပ်ဟာ နိုင်ငံရေး ရန်စမှုတခု ဖြစ်တယ်လို့ အပြစ်တင်ပါတယ်။ တရုတ်ကပြောနေတဲ့ မျဉ်းတိုကိုးကြောင်း နယ်မြေဟာ ပင်လယ်ပြင်ဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်နဲ့ ဘောင်မ၀င်ဘူးလို့ ဖိလစ်ပိုင် ဥပဒေပညာရှင် အဖွဲ့က ဆိုပါတယ်။ တရုတ်ကပြောနေတဲ့ မျဉ်းတိုကိုးကြောင်း နယ်မြေဟာ အရှေ့တောင်အာရှ ဒေသထဲအထိ နယ်ကျွံပြီး ပါဝင်နေတာပါ။ တောင်တရုတ်ပင်လယ်ပြင်မှာ ဖိလစ်ပိုင်လိုပဲ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းတို့ကလည်း တရုတ်နဲ့ ပိုင်နက်အငြင်းပွားနေကြပါတယ်။ တောင်တရုတ်ပင်လယ်ပြင်ဟာ ကမ္ဘာ့ပင်လယ်ရေကြောင်း ကုန်သွယ်ရေးအတွက်သာမက အမေရိကန်ရဲ့ အာရှဗဟိုပြု  မူဝါဒမှာ မဟာဗျူဟာအရ အရေးပါတဲ့ဒေသ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up