ထိုင်းရုပ်ရှင်မင်းသမီး တိုင်မိုဖတ်ထရထိဒါး မိမိကိုယ်ကို သေကြောင်းကြံ

ထိုင်းနိုင်ငံက နာမည်ကျော် ရုပ်ရှင်မင်းသမီး တိုင်မို ဖတ်ထရထိဒါးဟာ ဇူလိုင်လ ၆ ရက်နေ့မှာ အိပ်ဆေးအလွန်အကျွံသောက်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူက တိုင်မိုဟာ အချစ်ကို ကိုးကွယ်သူ၊ အသက်နဲ့လဲပြီး ချစ်တတ်သူ၊ သူ့အမျိုးသားရဲ့ အနွေးထည်ကို တချိန်လုံးဝတ်ဆင်ထားပြီး လောကကို အပြီးပိုင် နုတ်ဆက်မလို့ ပြင်နေတုန်း ဘုရားသခင်က အချိန်မီရောက်လာတယ်ဆိုတဲ့ စာသားတွေနဲ့အတူ သူရဲ့ ဆေးရုံပေါ်က ဓာတ်ပုံတွေ၊ ဗွီဒီယိုဖိုင်တွေပါ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့တဲ့အတွက် သူ့ပရိသတ်တွေကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါတယ်။
တိုင်မိုဟာ ထိုင်းရုပ်ရှင်မင်းသား ဒိုနိုဖားခင်းနဲ့ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က စေ့စပ်ကြောင်းလမ်းပြီး အတူနေထိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ လပိုင်းကတော့ သူတို့နှစ်ဦး အိမ်ခွဲနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့သလို သူမ အိပ်ဆေးအလွန်အကျွံ မသောက်ခင်ညက သူ့အမျိုးသား ဒိုနိုဖားခင်းဟာ 7 wonders တေးဂီတဖျော်ဖြေပွဲမှာ သူဟာ လူပျိုပြန်ဖြစ်ပါပြီလို့ ကြေညာခဲ့တာဟာလည်း တိုင်မိုကို စိတ်ထိခိုက်စေတဲ့အရာ ဖြစ်တယ်လို့ သူငယ်ချင်းဖြစ်သူက ပြောပါတယ်။
သူဟာ သူများအိမ်တွင်းရေးကိစ္စ ကြားမ၀င်လိုပေမယ့်လည်း သူ့သူငယ်ချင်းအဖြစ်ကို သည်းမခံနိုင်တော့တာကြောင့် ခုလိုတင်လိုက်တာဖြစ်ကြောင်းနဲ့ မင်းသမီးဘ၀ကိုတော့ စာနာ သနားစေလိုကြောင်း ရေးသားထားပါတယ်။
မင်းသမီးရဲ့ဖခင်ကတော့ သမီး အသက်အန္တရာယ်က လွတ်ပြီဖြစ်ကြောင်း၊ အဖေတယောက်အနေနဲ့ သမီးကိုယ်စား ရင်နာတဲ့အကြောင်း သတင်းဌာနကို တိုတို တုတ်တုတ်သာ ဖြေကြားခဲ့ပါတယ်။
တိုင်မို ဖတ်ထရထိဒါးနဲ့ ဒိုနိုဖားခင်းတို့ဟာ စေ့စပ်ပွဲကို ထိမ်းမြားမင်္ဂလာပွဲလို လူသိရှင်ကြား ကျင်းပခဲ့ပါတယ်။