တပ်မတော်အတွင်း တပ်မမှူးရာထူးအပြောင်းအလဲများ လုပ်နေ
DVB
·
May 11, 2011
လွန်ခဲ့တဲ့သီတင်းပတ်အတွင်း တပ်မတော်အတွင်းမှာ တပ်မမှူး၊ စကခမှူးတချို့ အပြောင်းအလဲလုပ်ခဲ့တယ်လို့ တရုတ်-မြန်မာနယ်စပ်အခြေစိုက် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောပါတယ်။
အရင်ကလုပ်လေ့လုပ်ထရှိပေမယ့် အပြောင်းအလဲလုပ်ထားတာ မကြာသေးသူတွေပါ အခုအပြောင်းအလဲမှာ ပါတာတွေ့ရတယ်လို့ သူက ပြောပါတယ်။
“ပြီးခဲ့တဲ့ ကြာသပတေးနေ့က ၅ ရက်၊ ၆ ရက်လောက်က အမ်အက်စ် အော်ဒါထွက်တယ်။ တပ်မမှူးတွေ၊ စကခမှူးတွေ ပြောင်းလိုက်တာ။ အဲဒါက ပုံမှန်ပြဿနာမဟုတ်ဘူး။ ခါတိုင်းဆိုရင် ဒုတိယ လေးလပတ် လုပ်ခါနီး ၇ လ၊ ဒါမှမဟုတ် ၆ လလောက်မှာ လုပ်လေ့လုပ်ထရှိတာကို။ ၅ လပိုင်းလည်း လုပ်ချင်လုပ်တယ်။ ဒါပေမယ့် အခုလို အပြောင်းအရွှေ့ဖြစ်တာ ဘယ်လောက်မှ ကြာသေးတာ မဟုတ်ဘူး။ နည်းနည်းထူးခြားနေလို့လေ။”
လက်ရှိသူရရှိထားတဲ့စာရင်းအရ ဆယ်ဦးထက် မနည်း ရှိနေပြီလို့ ဆိုပါတယ်။ အခုပြောင်းရွှေ့ခန့်အပ်တဲ့ရာထူးတွေဟာ တချိန်မှာ စစ်တိုင်းမှူးဖြစ်လာဖွယ်ရှိတဲ့ ရာထူးတွေဖြစ်ပါတယ်။
ဒီအပြောင်းအလဲမှာ ပါသူတချို့ကိုလည်း သူက ခုလိုပြောပါတယ်။
“သူကတော့ စကခ(၁၆)က ဗိုလ်မှူးချုပ်ဝင်းသိန်းပေါ့။ သူက မနှစ်က (၁၁)လပိုင်းလောက်မှာ သူက စကခ (၁၆) မှူးဖြစ်တာပေါ့။ အဲဒီကနေ သူ့ကိုကာကွယ်ရေးဦးစီးချုပ်ရုံး စခန်းမှူးဗိုလ်ချုပ် လှအောင်သိန်းနေရာ သွားရတယ်။ နောက် ဒီအက်စ်အေ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ပြုံးချိုဝင်းဆိုတာ စကခ (၅) လို့ထင်တယ်။ အခုမှ ကွန်ဖန်းလုပ်နေတုန်းပဲ။ စကခမှူးနဲ့ သူရောက်လာတယ်။ စောစောပိုင်းက မြတ်ထွန်းဦးပေါ့။ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှူးကတော့ အစက ဒီအက်စ်အေ ကျောင်းအုပ်ပေါ့။ သူတို့ ၂ ယောက်ကြားထဲမှာ တယောက်ရှိသေးလား။ ဒါမှမဟုတ် မရှိတော့ဘူးလားမပြောတတ်ဘူး။ ကိုမြတ်ထွန်းဦး လွန်ခဲ့တဲ့ ၂ လကျော်၊ ၃ လလောက်ထဲက သူက အော်ဒါအောက်ထားတာကို။ အခု ဒီအက်စ်အေ ကျောင်းအုပ်ကြီးအသစ် ဦးရွှေဝင်း လာတယ်။ ကျနော်တို့ ရထားတဲ့စာရင်းက ၂ဝ၊ ၃ဝ နီးပါးရှိတယ်။ တပ်မမှူးတို့၊ စကခမှူးတို့ ကျောင်းအုပ်ကြီးတွေပေါ့နော်။ ကျန်တဲ့အဆင့်တွေ မသိသေးဘူး။ အဲဒီမှာ ဗျူဟာမှူးပါ လိုက်ပြောင်းရင်တော့ ၃ဝ၊ ၄ဝ လောက်တော့ ဖြစ်သွားမှာပေါ့။”
အခုလို အပြောင်းအလဲလုပ်တာဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ အဲဒီရာထူးနဲ့ လွဲသွားတဲ့ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်တို့နဲ့ ဆက်နွှယ်မလား အမျိုးမျိုးတွေးဆနေကြတယ်လို့ သူက ပြောပါတယ်။
“ကျနော့်ကို လှမ်းပြောတဲ့သူကတော့ ဒါက မင်းအောင်လှိုင်ကိစ္စမှာ သူက သူ့လူတွေကို ဆွဲခန့်တာလား။ ဒါမှမဟုတ် တပ်ထဲမှာ ကိုမြင့်အောင် ကိစ္စပေါ်တုန်းက မပြေမလည်ဖြစ်တဲ့ ကိစ္စတချို့ရှိတယ်။ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ တစုံတရာ ခေအငသည သဘောလား။ ဒါမှမဟုတ်လည်း လုပ်ရိုးလုပ်စဉ်လားဆိုတာပေါ့။ လုပ်ရိုးလုပ်စဉ်ကတော့ ၅ လပိုင်းအလယ်၊ လကုန်ခါနီးမှာ လုပ်တတ်တာရှိပါတယ်။ ဒါပေမယ့် အခုဟာက သိပ်နီးလွန်းအားကြီးတယ်လေ။ ပြောင်းရွှေ့ထားတာ ဘယ်လောက်မှ ကြာသေးတာမဟုတ်ဘူး။”
ရာထူးအပြောင်းအလဲကို အစိုးရဘက်ကလည်း ထုတ်ပြန်ခြင်းမရှိသေးသလို ဒီဗွီဘီက သီးခြားထပ်မံအတည်ပြုဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။