သပိတ်မှောက်ကျောင်းသားနှင့် ၀န်းရံပြည်သူ ၁၁ ဦး အာမခံရရှိ
နော်နိုရင်း
·
July 7, 2015
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့ရာက ရိုက်နှက်ဖမ်းဆီး တရားစွဲခံထားရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူ ၁၁ ဦးကို ဒီကနေ့ သာယာဝတီခရိုင် တရားရုံးမှာ အာမခံ ပေးလိုက်ပါတယ်။
ဒီကနေ့ သာယာဝတီခရိုင် တရားရုံးမှာ ကျောင်းသားတွေကို ရုံးထုတ်ခြင်းမရှိဘဲ တရားသူကြီးနဲ့ ရှေ့နေတွေကပဲ အာမခံပေးကြောင်း အမိန့်ချခဲ့တာလို့ ကျောင်းသားတွေရဲ့ရှေ့နေ ဦးလှမျိုးမြင့်က ဒီဗွီဘီကို ပြောပါတယ်။
အာမခံရသူတွေကတော့ ကိုသန်းဆွေ (ခေါ်) ကိုဆွေ၊ မောင်ဝေယံမင်းလွင်၊ မောင်ရဲဝင်းအောင် (နတ္တလင်း)၊ မောင်ရဲဝင်းအောင် (ခေါ်) ရွှေကြယ်မိုး၊ မောင်မင်းချစ်သူ၊ မောင်မင်းသူရှိန်၊ မောင်မြတ်မင်းမော်၊ မောင်ကျော်ဇော်ခန့်၊ မောင်ကိုတင်ဦး၊ မောင်သက်ပိုင်ထွန်းနဲ့ ၀န်းရံပြည်သူ ဒေါ်သန်းအေးတို့ အာမခံ ရရှိပါတယ်။
ဒါပေမယ့် အာမခံရထားသူတွေဟာ လက်ရှိ အကျဉ်းထောင်တွင်းမှာပဲ ဆက်လက်ရှိနေဆဲ ဖြစ်ပြီး လာမယ့် ဇူလိုင်လ ၁၄ ရက်နေ့ ရုံးထုတ်စစ်ဆေးချိန်ကျမှ ထောင်က လွတ်လာမယ်လို့ ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။
“ပြီးခဲ့တဲ့အပတ်တုန်းက နှစ်ဘက် လျှောက်လဲချက်ပေးရတာလေ။ ဒီနေ့က အမိန့်ချတာပေါ့။ ကျောင်းသားတွေကိုတော့ ၁၄ ရက်နေ့မှ ရုံးချိန်းတဲ့အတွက် ၁၄ ရက်နေ့ကျမှ ထုတ်လို့ရမယ်။”
ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူ ၁၇ ဦးအတွက် အာမခံလျှောက်ထားပြီး ဒီကနေ့ ၁၁ ဦးကို အာမခံပေးကြောင်း အမိန့်ချတာဖြစ်ပါတယ်။ ကျန်သူတွေကတော့ အာမခံလျှောက်ထားတဲ့ အချက်အလက် မပြည့်စုံလို့ဆိုပြီး အာမခံ မပေးခဲ့ဘူးလို့ ဆိုပါတယ်။
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့ရာက ရိုက်နှက်ဖမ်းဆီး တရားစွဲခံထားရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူ ၇၀ လောက်ဟာ သာယာဝတီမြို့နယ်တရားရုံးမှာ ပုဒ်မ ၅ ခုနဲ့ တရားစွဲဆို အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။