Home
မြန်မာသတင်း
ကော့ကရိတ် အထက်တန်းကျောင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ
နော်နိုရင်း
·
July 7, 2015
ကရင်ပြည်နယ် ကော့ကရိတ်မြို့အမှတ် ၁ ရပ်ကွက်မှာရှိတဲ့  အ.ထ.က ကျောင်းခွဲ ချောင်းတောင်ကျောင်းက သူငယ်တန်းအဆောင်မှာ ဒီကနေ့မနက် ၇ နာရီလောက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းဆောင်ရှေ့က ၀ရန်တာအမိုးတွေ ပျက်စီးခဲ့ပေမယ့် ကျောင်းတက်ချိန် မဟုတ်တဲ့အတွက်  ကျောင်းသူကျောင်းသားတွေ ထိခိုက် သေဆုံးမှုတော့ မရှိခဲ့ပါဘူး။ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) နဲ့ အစိုးရတပ်တွေအကြား ခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဆိုသလို ဆက်တိုက်ဖြစ်ပွားနေချိန်မှာ ခုလို စာသင်ကျောင်းကို လက်နက်ကြီးကျည် ကျရောက်ခဲ့တာဖြစ်ပြီး ဘယ်ဘက်ကပစ်လိုက်တဲ့ လက်နက်ကြီးလည်း ဆိုတာကိုတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။ အ.ထ.က ချောင်းတောင်ကျောင်းမှာ အခုလို လက်နက်ကြီးကျည် ကျရောက်ပေါက်ခွဲခဲ့မှုကြောင့် ကော့ကရိတ်မြို့ပေါ်က ကျောင်းအားလုံး ပိတ်ထားရတယ်လို့ မြို့ခံ ဦးဇာနည်က ပြောပါတယ်။ “သူက အစောကြီး ၇ နာရီ ၁၅ လောက်မှာ ဖြစ်တဲ့အခါကျတော့ ကျောင်းမှာ လူမရှိဘူးလေ။ ထိခိုက်သေဆုံးမှု မရှိပါဘူး။ ကျောင်းကတော့ ဒီနေ့ ကျောင်းအကုန်လုံး  ပိတ်ထားတယ်။” ကော့ကရိတ် ခရိုင်ပညာရေးမှူးကလည်း မနေ့ ဇူလိုင်လ ၆ ရက်နေ့ ရက်စွဲနဲ့ ပြည်နယ်ပညာရေးမှူးဆီ စာတစောင်ပေးပို့ထားပြီး အဲဒီစာမှာတော့ ကော့ရိတ်မြို့ပေါ်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း ၁၁ ကျောင်းမှာ ဇူလိုင်လ ၆ ရက်နေ့ နေ့လည် ၁၂ နာရီခွဲကစပြီး ကျောင်းသားမိဘတွေက သားသမီးတွေကို ကျောင်းတွေကနေ လာရောက်ခေါ်ဆောင်ခဲ့ကြောင်း ပါရှိပါတယ်။ ကော့ကရိတ်မြို့ရှိ အစိုးရ တပ်ရင်းတွေကနေ သူတို့ရဲ့ သားသမီးတွေကို လုံခြုံရေး အစောင့်အကြပ်တွေနဲ့ လာရောက်ခေါ်ဆောင်သွားကြတဲ့အတွက် မြို့ခံကျောင်းသားမိဘတွေကလည်း စိတ်ပူပြီး သူတို့ရဲ့သားသမီးတွေကို လာရောက်ခေါ်ဆောင်သွားတာ ဖြစ်ကြောင်းလည်း စာမှာ ပါရှိပါတယ်။ ကရင်ပြည်နယ် မြ၀တီ - ကော့ကရိတ် အာရှလမ်းမသစ်မှာ အစိုးရတပ်နဲ့ ဒီကေဘီအေတပ်တို့အကြား ဇူလိုင်လ ၂ ရက်နေ့ကတည်းက တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ တိုက်ပွဲကြောင့် မြ၀တီ - ကော့ကရိတ်သွားတဲ့ လမ်းသစ်ရော လမ်းဟောင်းပါ ပိတ်ထားတဲ့အတွက် ခရီးသွားလာမှုနဲ့ ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်နေပါတယ်။ (ဓာတ်ပုံ - ဒေါနအောင်တိုး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024