A d v e r t i s e m e n t With Us

နောက်ဆုံးပေါ် တိုက်လေယာဉ်၊ ဒရုန်း၊ ဒုံးကျည်များနှင့် ပြင်သစ်လေကြောင်းပြပွဲ

နောက်ဆုံးပေါ် ဂျက်တိုက်လေယာဉ်တွေ၊ စစ်သုံးဒရုန်းတွေနဲ့ ဒုံးကျည်တွေကို ပြင်သစ်လေကြောင်းပြပွဲမှာ ပြသထားပါတယ်။ ဂျင်မ်ဒရူးရီလည်း ဒီပွဲကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ စစ်လေယာဉ် သရုပ်ပြပျံသန်းမှုက ဒီပွဲမှာ အထူးခြားဆုံးပါပဲ။ ရာဖဲလ် (Rafale) တိုက်လေယာဉ်ရဲ့ သရုပ်ပြပျံသန်းမှုက ပရိသတ်ကို အံသြဘနန်း ဖြစ်စေခဲ့ပါတယ်။ ဒက်ဆော့လ်ထ် ကုမ္ပဏီရဲ့ စီအီးအို အီးရစ်ထရပ်ပီးယားကတော့ သူတို့ ထုတ်လုပ်ဖူးသမျှထဲမှာ ဒီဂျက်လေယာဉ်က အကောင်းဆုံးပဲလို့ ဆိုပါတယ်။ “ဒီ ရာဖဲလ် တိုက်လေယာဉ်ကတော့ ဘက်စုံသုံး အလုပ်လုပ်နိုင်တဲ့အတွက် အကောင်းဆုံးပဲ။ ဝေဟင်-ဝေဟင်ပဲဖြစ်ဖြစ်၊ ဝေဟင်-မြေပြင်ပဲဖြစ်ဖြစ်၊ ဝေဟင်-ရေပြင်ပဲဖြစ်ဖြစ် ယုတ်စွအဆုံး နျူကလီးယား စစ်ဆင်ရေးမှာပဲဖြစ်ဖြစ် တိုက်ပွဲပေါင်းစုံမှာ အသုံးချနိုင်တယ်။” အဲဘတ်စ် A 400 M ကတော့ ဆဗီးလ်မြို့မှာ သက်စွန့်ဆံဖျား စမ်းသပ်ပျံသန်းမှုအပြီး ၅ ပတ်အကြာ ပြပွဲမှာ ရုတ်ခြည်း ၀င်ရောက်လာခဲ့ပါတယ်။ ဒီအဲဘတ်စ်ရဲ့ စီအီးအို ဖက်ဘရစ်ဘရီဂျီယာကတော့ အမှာစာတွေ ဒလဟော လှိမ့်ဝင်လာမယ်လို့ လုံးဝယုံကြည်ထားပါတယ်။ “ခုချိန်ထိ ခေတ်အမီဆုံး စစ်သုံး သယ်/ပို့ လေယာဉ်ဖြစ်တဲ့ ဒီ A 400 M ကို ယှဉ်နိုင်တဲ့လေယာဉ် မရှိသေးဘူး။ ဒါကြောင့် ပြည်ပဈေးကွက် ရှိလာမယ်လို့ ယုံကြည်ပါတယ်။” တက်ဇ်တရွန် (Textron) ကုမ္ပဏီကလည်း စကော်ပီယန် (Scorpian) တိုက်လေယာဉ်ကို ပြသရာမှာ အရင် Shadow M2 ပြသတုန်းက စိတ်ဝင်စားမှုကို အရှိန်မြှင့်ပေးလိုက်သလိုပါပဲ။ တက်ဇ်တရွန် ကုမ္ပဏီမှ ဟင်နရီဖင်နရယ်ကတော့ ဒီ လေယာဉ်ဟာ Shadow V2 နေရာမှာ အစားထိုးနိုင်မယ့် အကောင်းဆုံးလေယာဉ်ပဲလို့ ဆိုပါတယ်။ “ဒီ Shadow M2 လေယာဉ်ရဲ့ အဓိက အားသာချက်တွေထဲမှာ တခုကတော့ ၀န်တင်နိုင်စွမ်းနဲ့ မဟာဗျူဟာမြောက် ပျံသန်းမှုကို လက်ခံနိုင်တဲ့စွမ်းရည်ပါ။ တွန်းတင်ကိရိယာရဲ့ ပစ်လွှတ်မှုနဲ့ ပျံသန်းနိုင်တာမို့ ပြေးလမ်းသိပ်ရှည်ဖို့ မလိုအပ်ဘူး။” ပြင်သစ်နိုင်ငံ ကာကွယ်ရေးပစ္စည်းဝယ်ယူရေး အေဂျင်စီကတော့ ၀ယ်ယူဖို့ စဉ်းစားနေပါပြီ။ နောက်ထပ် စိတ်အ၀င်စားဆုံးကတော့ တက်ဇ်တရွန်ကုမ္ပဏီထုတ် ဖူရီ (Fury) ဒုံးလက်နက် ဖြစ်ပါတယ်။ “ဖူရီဒုံးလက်နက်က ၁၂ ဒသမ ၇  ပေါင်ရှိပြီး ၂၇ လက်မ ရှိတယ်။ အကျစ်လျစ်ဆုံးနဲ့ အတိကျဆုံး ပစ်ခတ်နိုင်တဲ့ဒုံးပဲ။ မူလက ဒီဒုံးကို သူ့ရဲ့အရွယ်အစားနဲ့ အလေးချိန်အရ မောင်းသူပါ လေယာဉ်မှာရော မောင်းသူမဲ့ လေယာဉ်မှာပါ သုံးဖို့ တီထွင်ခဲ့တာပါ။ သိပ်ကို ထိရောက်တဲ့ ဒုံးမို့လို့လေ။” အရွယ်အစား သေးငယ်တာမို့ ဖူရီဒုံးကျည် ၆ စင်းကို မောင်းသူမဲ့လေယာဉ်မှာ တပ်ဆင်လို့ရပါတယ်။ ပြီးခဲ့တဲ့ နွေရာသီတုန်းက စမ်းသပ်မှုမှာ ၁ မီတာလောက်ပဲရှိတဲ့ ပစ်မှတ်ကို အတိအကျ ပစ်ခတ်နိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ တက်ဇ်တရွန်ကုမ္ပဏီနဲ့ ဒတ်စ်ဇော့လ်တ် (Dassault) ကုမ္ပဏီကတော့ ဒီနှစ်ပြပွဲရဲ့နောက်ပိုင်းမှာ နာမည်ကျော်သွားမယ်လို့ မျှော်လင့်ထားပါတယ်။  

A d v e r t i s e m e n t With Us

More News
Up