A d v e r t i s e m e n t With Us

ဖိလစ်ပိုင်တွင် မားစ်ရောဂါ ကူးစက်ခံရသည့် ဒုတိယမြောက်လူနာ တွေ့ရှိ

ဓာတ်ပုံ - ရိုက်တာ
ဖိလစ်ပိုင်နိုင်ငံမှာ အရှေ့အလယ်ပိုင်းဒေသကနေ ကူးစက်ပြန့်ပွားလာတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (မားစ်) ဒုတိယမြောက် ကူးစက်ခံရမှုကို ဇူလိုင် ၆ ရက်နေ့မှာ ကျန်းမာရေး အာဏာပိုင်တွေက အတည်ပြု ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့လက ယူအေအီးနိုင်ငံ မြို့တော် ဒူဘိုင်းကနေ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ကို ရောက်ရှိလာသူ အသက် ၃၆ နှစ်အရွယ် နိုင်ငံခြားသား ဖြစ်တယ်လို့ ဖိလစ်ပိုင် ကျန်းမာရေး အာဏာပိုင်တွေက ကြေညာပါတယ်။ အခုတော့ သူ့ကို သီးသန့် ခွဲခြား ဆေးကုသမှုတွေ ပေးထားပြီလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အရှေ့အလယ်ပိုင်းဒေသကနေ ပြန်လာတဲ့ ဖိလစ်ပိုင် သူနာပြုတဦး မားစ်ရောဂါ ကူးစက်ခံခဲ့ရတာ ပထမဆုံး တွေ့ရှိခဲ့ပေမယ့် သူကတော့ ရောဂါပြန်လည်သက်သာ ကောင်းမွန်သွားပါပြီ။ လက်ရှိအချိန်အထိ မားစ်ရောဂါ ကာကွယ်ကုသဆေးဆိုပြီး တရားဝင် ဖော်ထုတ် အသိအမှတ်ပြုထားတဲ့ဆေး မရှိသေးပါဘူး။ လောလောဆယ် ဒီရောဂါနဲ့ တကမ္ဘာလုံးမှာ သေဆုံးသူ အယောက် ၅၀၀ လောက်ရှိပြီ ဖြစ်ပါတယ်။ မားစ်ရောဂါဟာ အာရှအရှေ့ဒေသ တောင်ကိုရီးယားနိုင်ငံကို မေလမှာ ရောက်ရှိလာပြီးနောက်ပိုင်း အာရှနိုင်ငံတွေမှာ မာစ်းရောဂါ သတိပေး တပ်လှန့်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၁၈၆ ယောက်မှာ ၃၃ ယောက်  သေဆုံးခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ မားစ်ရောဂါနဲ့ အရှေ့အလယ်ပိုင်းသားတဦး ရောက်ရှိလာလို့ ပထမဆုံး ထိုင်းနိုင်ငံကို ကူးစက်ခဲ့ပေမယ့် ပြီးခဲ့တဲ့တပတ်က သူ့ရဲ့ရောဂါ သက်သာပျောက်ကင်းခဲ့လို့ ဆေးရုံက ဆင်းသွားပြီ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up