သြစတြေးလျတွင် လိင်တူ လက်ထပ်ခွင့် ထောက်ခံဆန္ဒပြ (ရုပ်သံ)

6.8K
သြစတြေးလျနိုင်ငံ ပါ့သ်မြို့မှာ လိင်တူချင်း ထိမ်းမြားလက်ထပ်ခွင့်ကို ထောက်ခံတဲ့ ဆန္ဒပြပွဲတခု ဇူလိုင် ၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
လိင်တူ ထိမ်းမြားလက်ထပ်ခွင့်ကို ဥပဒေကြောင်းအရ ခွင့်ပြုဖို့ အတိုက်အခံ လေဘာပါတီက ဇွန်လ ၁ ရက်နေ့က လွှတ်တော်မှာ တင်ထားပါတယ်။
ရှေးရိုးစွဲ ၀န်ကြီးချုပ် တိုနီ အပ်ဘော့က ဥပဒေကြမ်းကို ကန့်ကွက်နေပေမယ့် အာဏာရပါတီက လွှမ်းမိုးထားတဲ့ အောက်လွှတ်တော်မှာ အတိုက်အခံပါတီက ဥပဒေကြမ်းကို တင်ထားတာပါ။
ဥပဒေကြမ်းကို ထောက်ခံသူတွေက “အချစ်ဟာ အချစ်ပဲ” လို့ ကြွေးကြော် ဆန္ဒပြကြပါတယ်။ နယ်ခံ မီဒီယာတွေရဲ့ အဆိုအရ အင်အား ၅ ထောင်ဝန်းကျင်ရှိမယ်လို့ ဆိုပါတယ်။
ဆန္ဒပြပွဲကို စီစဉ်သူတွေက ထိမ်းမြားလက်ထပ်ခွင့်ဟာ လူတိုင်းအတွက် တန်းတူ ဖြစ်သင့်တယ်၊ နောက်မျိုးဆက်တွေလည်း မိမိဆန္ဒအလျောက် လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် ရသင့်တယ်လို့ ဆိုကြပါတယ်။
သြစတြေးလျမှာ ပြည်သူအများစုကလည်း ဒီလို အခွင့်အရေးမျိုးကို ထောက်ခံတယ်လို့ ဆိုပါတယ်။
မနှစ်က ခရော်စဘီ တက်စတော (Crosby-Textor) စစ်တမ်းအဖွဲ့က တယ်လီဖုန်းကတဆင့် လူ ၁၀၀၀ ကို သဘောထား မေးမြန်းခဲ့စဉ်က ၇၂ ရာခိုင်နှုန်းက လိင်တူ ထိမ်းမြားခွင့်ကို ထောက်ခံခဲ့ကြပါတယ်။
အရင်လတုန်းကလည်း အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံတော် တရားရုံးချုပ်က လိင်တူ ထိမ်းမြားခြင်းကို ဥပဒေကြောင်းအရ ခွင့်ပြုခဲ့သလို ဒီမတိုင်ခင်က အိုင်ယာလန် လူထုဆန္ဒခံယူပွဲမှာလည်း ပြည်သူအများစုက လိင်တူထိမ်းမြားခွင့်ကို ထောက်ခံ မဲပေးခဲ့ကြပါတယ်။