Home
မေးမြန်းခန်း
ကရင်အမျိုးသား အကြိုညီလာခံနှင့်ပတ်သက်၍ ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီဝင် နန့်ခင်အေးဦးနှင့် မေးမြန်းချက်
နော်နိုရင်း
·
July 6, 2015
ကရင်အမျိုးသားအကြိုညီလာခံတခုကို   ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာမှာ ဇူလိုင်လ ၂ ရက်ကနေ ၄ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ ဒီညီလာခံမှာ ကရင်အမျိုးသားတွေ နေထိုင်တဲ့ နေရာဒေသတ၀ှမ်းရှိ ကရင်အဖွဲ့အစည်း အသီးသီးက ကရင်ခေါင်းဆောင် ကိုယ်စားလှယ် ၅၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ဒီညီလာခံ ကျင်းပရခြင်း အကြောင်းရင်းနဲ့ ဆွေးနွေးခဲ့တဲ့အချက် တွေနဲ့ပတ်သက်ပြီး ဦးဆောင်ကျင်းပတဲ့ ကရင်အမျိုးသားစည်လုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ အဖွဲ့ဝင် နန့်ခင်အေးဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။ ကရင်အမျိုးသား အကြိုညီလာခံကို ဘယ်လိုရည်ရွယ်ချက်နဲ့ ကျင်းပခဲ့တာလဲ။ ဘယ်လို ရလဒ်တွေကို မျှော်လင့်လို့ ကျင်းပခဲ့တာလဲ။ “အဓိကကတော့ ကေယူပီစီလို့ခေါ်တဲ့ ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီရဲ့ အဓိက ရည်ရွယ်ချက်က ကရင်တမျိုးသားလုံး စည်းလုံးညီညွတ်ရေး၊ ကရင်တမျိုးသားလုံး ငြိမ်းချမ်းရေးနဲ့ အနာဂတ် ကရင့်ဘ၀ သာယာလှပရေး၊ အဲဒါကို ရည်စူးပြီးတော့ ကေယူပီစီအဖွဲ့က လုပ်နေတာ ဖြစ်ပါတယ်။ နောက် အဲဒါတွေအတွက်ကို ဘယ်မှာ ဆုံးဖြတ်ချက်ချကြမလဲဆိုတော့   ညီလာခံတခုလုပ်ဖို့ကို အစကတည်းက ရည်စူးထားတာ။ ပြီးခဲ့တဲ့ ၂ ရက်ကနေ ၄ ရက်နေ့ အထိကတော့ အကြိုညီလာခံပါ။ ဒါ လူထုဆီက တက်လာတဲ့ စာတန်းတွေကို ပြန်ပြီးတော့ ၀ိုင်းပြီး ပြန်လည်သုံးသပ်တဲ့ သဘောပါပဲ။” လူထုတွေဆီက တက်လာတဲ့ စာတမ်းတွေမှာ ဘာတွေ အဓိက တက်လာတာများလဲ။ “သူတို့ဆီကနေ ပြဿ  နာတွေရော လိုအပ်တဲ့ အရာတွေရော အမျိုးစုံပဲ တက်လာပါတယ်။ အန်တီတို့က ပြန်ခွဲလိုက်တော့ နိုင်ငံရေးပိုင်း၊ လူမှုရေးပိုင်း၊ စီးပွားရေးပိုင်း ဆိုပြီးတော့ ၃ ပိုင်း ပြန်ခွဲလိုက်တယ်ပေါ့။ လူမှုရေးပိုင်းမှာကတော့ နည်းနည်းများတာပေါ့။ ပညာရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ နောက် မျိုးနွယ်စုဆိုင်ရာတွေပါတယ်။ နိုင်ငံရေးပိုင်းမှာလည်း များတယ်။ စီးပွားရေးကျတော့ အလယ်အလတ်လောက်ပဲပေါ့။ စီးပွားရေးဘက်က ကရင်တွေက သိပ်အကျွမ်းကြီး မဟုတ်တဲ့အခါကျတော့ တောင်သူလယ်သမားတွေပဲ များတာပေါ့။ ဆိုတော့ အန်တီတို့က တောင်သူလယ်သမားတွေရဲ့ လယ်ယာတွေမှာ Integrated Farming ဖြစ်အောင်လို့ အဲဒါတွေ ထည့်ပြီး ဆွေးနွေးသွားကြတာပေါ့။” အစောတုန်းက လူမှုရေးပိုင်းမှာ တင်ပြမှုက များတယ်ဆိုတော့ ဒီတင်ပြတဲ့အထဲမှာ အဓိက အရေးကြီးတဲ့ အရာတွေက ဘာတွေပါလဲ။ “အရေးကြီးဆုံးအချက်လို့ ကျမတို့ ထင်မြင်ထားတဲ့ တခုကတော့ ကျမတို့ ကရင်လူမျိုးတွေမှာ ဘာသာရေးအရ ဗုဒ္ဓဘာသာရှိတယ်၊ ခရစ်ယာန်ရှိတယ်၊ နတ်စား ရှိတယ်ပေါ့။ ဗုဒ္ဓဘာသာက များတယ်ပေါ့။ ခရစ်ယာန်က ဗုဒ္ဓဘာသာရဲ့ တ၀က်တောင်မရှိဘူး။ ဒါပေမယ့် ဒီဘာသာနဲ့ လူမျိုးကို မခွဲခြားတတ်ကြတဲ့ လူတွေကြောင့် ဘယ်လိုဖြစ်သလဲဆိုတော့ ဗုဒ္ဓဘာသာဆိုရင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးလို့ စကားအရ ပြောတဲ့အခါကျတော့ ဗုဒ္ဓဘာသာ ကရင်တွေက ဗမာဖြစ်ကုန်တယ်။ ကရင်လူမျိုး မဟုတ်တော့ဘဲ ဗမာလူမျိုးဖြစ်သွားတယ်။ ဒါက မဖြစ်သင့်ဘူးပေါ့နော်။ ဘာကြောင့်လဲဆိုတော့ အန်တီတို့ ကရင်ပြည်နယ်ရဲ့ ပြင်ပမှာ ဆိုလို့ရှိရင် တိုင်းနဲ့ပြည်နယ် ၅ ခုမှာ ကရင့်ရေးရာဝန်ကြီး ၅ ပါး ရထားတယ်။ အဲဒီ ကရင့်ရေးရာဝန်ကြီး ၅ ပါးအတွက် မဲပေးတဲ့အခါမှာ ကရင်လူမျိုးပဲ မဲပေးရတယ်။ အခုနက ဗမာဖြစ်သွားတဲ့လူတွေ မဲပေးခွင့်မရဘူး။ အဲဒါကြောင့် ၂၀၁၀ တုန်းက ဖြစ်ပေါ်လာတဲ့ အခက်အခဲပေါ်မှာ မူတည်ပြီးတော့ အခုချိန်မှာ အဲဒီ အကြောင်းအရာတွေ ထွက်လာတာဖြစ်တယ်။ ၂၀၁၀ တုန်းကဆိုရင် တရွာလုံးက ကရင်ဖြစ်ရဲ့သားနဲ့ ဗုဒ္ဓဘာသာ ဖြစ်တဲ့အခါကျတော့ ဗမာလို့ သုံးလိုက်တော့ မဲပေးလို့မရတဲ့ရွာတွေ ကရင်တွေ နေထိုင်တဲ့ဒေသမှာ အဲလိုရွာမျိုးတွေ သုံးလေးရွာလောက်ကို ဖြစ်လာတယ်။ အဲလိုဖြစ်တဲ့အခါကျတော့ သူတို့လည်း မဲပေးချင်တဲ့ အခါကျတော့ ပူညံပူညံတွေ ဖြစ်လာတယ်။ အဲတော့ အဲဒီအကြောင်းအရာကလည်း နည်းနည်းကြီးလာတယ်။ “အန်တီတို့လူမျိုးမှာဆိုရင် နော်တို့၊ စောတို့၊ နန့်တို့၊ စတို့၊ မန်းတို့ဆိုတဲ့ သင်္ကေတတွေပေါ့။ ကိုတို့ ဦးတို့အစား အဲဒီသင်္ကေတတွေရှိတယ်။ အဲဒီနာမည်တွေထည့်ဖို့ တချို့ ဒို့ကရင်လူထု ကိုယ်တိုင်က နားမလည်တာရှိတယ်။ နောက် လ၀က ကလည်း နားမလည်တာရှိတယ်။ ဗုဒ္ဓဘာသာလို့ ပြောလိုက်ရင် ဗမာလို့ ထည့်လိုက်တယ်။ အဲတော့ မှတ်ပုံတင်ကတ်တွေမှာ ဗမာ ဗုဒ္ဓတွေ ဖြစ်နေတယ်။ အဲဒါတွေတော့ အခုရလာတဲ့ ရလဒ်တွေမှာ တကယ့်တကယ် မဲပေးဖို့မှာကျတော့ အခက်ခဲဖြစ်တာတွေပေါ့လေ။ အဲဒါတွေကို သတိထားဖို့လည်း အန်တီတို့ အဓိက လှုံ့ဆော်ပေးတာပေါ့နော်။” ဆိုတော့ အခုန ဒီပြဿ  နာတွေ ရှိနေတဲ့အခါကျတော့ လာမယ့် ဒီ ၂၀၁၅ ရွေးကောက်ပွဲအတွက်တော့ ဘယ်လို ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်မလဲ။ “၂၀၁၅ ရွေးကောက်ပွဲကျတော့ အခုနက ဗမာဖြစ်သွားတဲ့ ကရင်လူထုဟာ ကိုယ့် ကရင်ရေးရာ ၀န်ကြီးအတွက် သူတို့ မဲပေးခွင့်ရှိမှာ မဟုတ်ဘူး။ အဲဒီအတွက်ကို အန်တီတို့ နည်းနည်းတော့ ကြိုးစားတယ်။ ဒါပေမယ့် အခက်အခဲတော့ ရှိပါတယ်။ အန်တီတို့ လ၀က၀န်ကြီး ဦးခင်ရီနဲ့ ဘယ်လောက်ပဲ ပြောထားပြောထား အဆင့်ဆင့် ဆင်းတဲ့အခါမှာ၊ ကျေးရွာတွေအထိ ဆင်းတဲ့အခါမှာ နားလည်မှုတွေ၊ လိုက်လုပ်နိုင်မှုတွေ အပေါ်မှာ မူတည်ပြီးတော့ ရလိမ့်မယ် ထင်တယ်။ ဒီ ၂၀၁၅ အတွက်တော့ အခက်အခဲ ရှိနိုင်သေးတယ်။ အခု အန်တီတို့ ကြုံတွေ့နေရတဲ့ အတွေ့အကြုံအရဆိုရင် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က ရွာတရွာမှာ လူဦးရေ ၂၀ ရာခိုင်နှုန်းက ကရင်မဟုတ်တဲ့ ဗမာတွေ ဖြစ်ကုန်တယ်။ အဲတော့ သူတို့ ကရင်ရေးရာဝန်ကြီးအတွက် မဲပေးလို့မရဘူး။ ဒီညီလာခံမှာ အဲဒီအကြောင်းတွေကို တင်လာကြပါတယ်။ ဒါကတော့ ဒီရွေးကောက်ပွဲအတွက် အရေးကြီးဆုံးတချက်ပါပဲ။” နိုင်ငံရေးပိုင်းမှာကော ဘာတွေ တင်လာကြတာများလဲ။ “နိုင်ငံရေးဘက်ကတော့ ကေအန်ယူဘက်က တင်တာလည်းရှိတယ်။ အန်တီတို့ဘက်ကလည်း တင်တာရှိတယ်။ အကုန်အလွတ်မရဘူး။” ပညာရေးပိုင်းမှာကျတော့ကော ဘယ်လိုအခက်အမျိုးတွေ တင်လာတာများလဲ။ “အခုဖြစ်နေတဲ့ အခက်အခဲကတော့ လက်ရှိ ကရင်စာပေသင်ကြားခွင့် ပေးလာပြီ။ ပေးတဲ့အခါကျတော့ မြောင်းမြ၊ ပန်းတနော် အဲဒီဘက်မှာ တွေ့ရတဲ့ အခက်အခဲက သူက ကျောင်းချိန်ပြင်ပ သင်ခွင့်ပေးတယ်လို့ သတ်မှတ်လိုက်တာပေါ့နော်။ ကျောင်းချိန်ပြင်ပ သင်တဲ့အခါမှာ ကလေးတွေကလည်း ဘယ်လိုဖြစ်လာလဲဆိုတော့ ၄ တန်းကလည်း အစိုးရစစ်၊ ၈ တန်းကလည်း အစိုးရစစ် ဖြစ်တဲ့အခါကျတော့ မိဘတွေက ရိုးရိုး ကိုယ့်အတန်းဟာကိုပဲ အမှတ်များစေချင်ကြတာ။ အဲလို ဖြစ်နေတဲ့အခါကျတော့ သင်ကြားရေးမှာ နည်းနည်း အခက်အခဲ ရှိတာပေါ့။ ဒါက ကျောင်းသားတွေဘက်က ပြဿ    နာ။ ကျောင်းသားတွေအားလုံး မသင်နိုင်ဘူးပေါ့။ “နောက်တခါ ဆရာတွေဘက်က ကျတော့လည်း သင်လို့ရပြီဆိုတာနဲ့ သင်ကြတာပေါ့။ ဒါပေမယ့် ဘတ်ဂျက်ဆိုတာက စကားပြောလာတယ်။ ဘတ်ဂျက်ချဖို့ကျတော့ ကျောင်းသားဘယ်နှဦးဆိုရင် ဆရာဘယ်နှဦးသင်မလဲ၊ အဲဒီသင်တဲ့ဆရာဟာ သင်တန်းဆင်းပြီးသား ဖြစ်ရမယ်။ သူသည် ကရင်စာကို သင်ကြားနိုင်တဲ့လူမျိုး ဖြစ်ရမယ်ဆိုတဲ့ သင်တန်းဆင်းလက်မှတ်ကလေးတွေ ရှိရမယ်။ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးတွေအထိ အန်တီတို့ဆင်းပြီး လုပ်ပေးရမယ်။ မြို့နယ်ပညာရေးမှူးတွေက နားလည်မှုရှိစွာနဲ့ ၀ိုင်းကူညီပေးတယ်ဆိုရင်တော့ အောင်မြင်တယ်။ အဲဒီထဲမှာ ဒီနှစ်ဘတ်ဂျက်ထဲမှာ ဒီပိုက်ဆံပါရမယ်ပေါ့။ အဲဒါမှ ဆရာမတယောက်က တနာရီ တချိန်ဆိုရင် ငွေ ၃ သောင်းရမယ့် သဘောရှိတယ်။ ဆိုတော့ အဲဒါက နည်းနည်းအခက်အခဲရှိတယ်။ ဧရာဝတီတိုင်းမှာဆိုရင် အစောပိုင်းက ၃ သောင်းရပြီး နောက်ပိုင်း ၁ သောင်းခွဲရတဲ့ဟာမျိုး စတဲ့ အခက်အခဲဖြစ်တယ်။ ဆိုတော့ တယောက်နဲ့တယောက် နားလည်မှုလွဲတာတွေရှိတယ်။” ဒီကရင်အမျိုးသားအကြိုညီလာခံရဲ့ ထုတ်ပြန်ချက်မှာ ကရင်အမျိုးသားညီလာခံကို ပြန်ကျင်းပဖို့ အဖွဲ့တခုကို ဖွဲ့စည်းလိုက်တယ်လို့ ပါရှိပါတယ်။ ဆိုတော့ ဒီအဖွဲ့ကနေပြီးတော့ ညီလာခံကို ဘယ်တော့လောက် ပြန်ကျင်းပဖို့ လုပ်ဆောင်မှုရှိသလဲ။ “ဒီပွဲက တကယ်တော့ အန်တီတို့ ကေယူပီစီထဲက ကော်မတီဝင်တွေပဲ ၀ိုင်းလုပ်နေကြတာပေါ့နော်။ အန်တီတို့ ညီလာခံမှာ ၀ိုင်းဆွေးနွေးထားတဲ့ အချက်တွေရှိတယ်။ အဲဒီအချက်တွေနဲ့ ပညာရှင်တွေ၊ အတွေ့အကြုံရှိတဲ့ လူတွေနဲ့ ပြန်ပြီး အစည်းအဝေးတွေ ထိုင်ရဦးမယ်။ အဲဒီကရလာတဲ့ ရလဒ်တွေနဲ့ အကြိုညီလာခံကို နောက်ထပ်တခု ကျင်းပပါမယ်။ ဒီတခေါက်လုပ်တဲ့အခါမှာ အခုဆွေးနွေးထားတဲ့ စာတန်းတွေကိုပဲ ပြန်ပြီးတော့ ပြန်လည် ပေါင်းစည်းမယ့် ညီလာခံပေါ့နော်။ အဲဒါကတော့ နိုဝင်ဘာလလောက်ကို မှန်းပါတယ်။ နောက်ညီလာခံကြီးကတော့ နောက်ဆုံး ဖိုင်နယ်ပေါ့။ အဲဒါကတော့ အန်စီအေ ထိုးပြီးလို့ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်တဲ့အခါကျလို့ရှိရင် အန်တီတို့ ကရင်လူထုရဲ့ အသံကတော့ ဒါပါပဲဆိုပြီးတော့ သွားမယ့်ကိုယ်စားလှယ်တွေကို ပေးလိုက်မှာပါ။ ပေးလိုက်မယ့် အချက်အလက်တွေကတော့ နောက်ဆုံးဖိုင်နယ်ကတော့ ရှေ့နှစ်လောက်မှာမှ လုပ်ဖြစ်မှာပါ။” အန်စီအေနဲ့ ပတ်သက်ပြီးတော့ ကရင်လူထုတွေရဲ့အမြင် ဘယ်လိုရှိလဲ။ ဒီညီလာခံမှာ ဘာတွေကြားရတာမျိုးရှိလဲ။ “သူတို့အများစုကတော့ တတ်နိုင်သလောက်တော့ လက်နက်ကိုင်အဖွဲ့အစည်းတွေက ညီညီညာညာနဲ့ လက်မှတ်ထိုးပြီးတော့ နိုင်ငံရေးဆွေးနွေးမှုကိုလည်း တပြိုင်နက်တည်း အတူတူ ပြောစေချင်တဲ့ဆန္ဒ များပါတယ်။ အန်တီတို့ မဲခွဲဆုံးဖြတ်တာတွေတော့ မလုပ်ပါဘူး။ တချို့ကျတော့လည်း မြန်မြန်လုပ်စေချင်တဲ့လူတွေလည်း ရှိတယ်။ တချို့ကျတော့လည်း အချိန်နည်းနည်း ယူစေချင်တဲ့လူလည်း ရှိပါတယ်။ အန်တီထင်ပါတယ်၊ အန်တီတို့ အချိန်တော့ နည်းနည်း ယူရပါလိမ့်မယ်။” ဒီအန်စီအေ လက်မှတ်ထိုးပွဲက နောက်တက်လာမယ့် အစိုးရကျမှဖြစ်မလား၊ ဒီအစိုးရမှာ ဖြစ်မှာလား၊ ညီလာခံတက်သူတွေက ဘယ်လိုဖြစ်စေချင်ကြလဲ။ “အဲဒါကလည်း နှစ်ပိုင်းလိုမျိုး ဖြစ်နေတယ်။ တချို့ကလည်း ဒီရွေးကောက်ပွဲ မပြီးခင် ဖြစ်စေချင်တယ်။ အဓိကကတော့ ဒီငြိမ်းချမ်းရေးကို စတင်ဖော်ဆောင်ခဲ့တဲ့ သမ္မတကြီးရဲ့အချိန်မှာ တချို့လည်း ဖြစ်လိုက်စေချင်တာပေါ့နော်။ ဘာလို့လဲဆိုတော့ နောက်တက်လာမယ့်လူရဲ့ အခြေအနေက ဘာမှန်းမသိဘူးပေါ့။ တကယ်လို့ သဘောထားတင်းမာတဲ့လူ တက်လာလို့ရှိရင် တိုက်ပွဲတွေ ပြန်ဖြစ်မှာလည်း စိုးကြတယ်။ စိုးကြတယ်ဆိုတော့ ရှေ့နှစ်ဆန်းထဲမှာတော့ ဖြစ်အောင်လုပ်လိမ့်မယ်လို့ အန်တီထင်ပါတယ်။” တခြားကော ဘာပြောချင်တာ ရှိဦးမလဲ။ “အန်တီအနေနဲ့ ပြောချင်တာက အန်တီတို့ အဖွဲ့က ကရင်အမျိုးသားအချင်းချင်း စည်းရုံးရေး အရေးကြီးပါတယ်။ ဒါပြီးတော့မှ သူများနဲ့ ဆက်ပြောရတာ ပိုကောင်းပါတယ်။ အမျိုးသား အချင်းချင်း စည်းရုံးရေး၊ ငြိမ်းချမ်းရေးကို ဦးတည်ကြမယ်။ အနာဂတ်ဘ၀ သာယာလှပဖို့ အတွက်ပေါ့နော်။ တိုင်းရင်းသားတွေကလည်း သူ့ဟာနဲ့သူ နေနိုင်ပြီဆိုရင် တိုင်းပြည်ကြီးကလည်း သာယာလှပမှာပဲလေ။ အဲဒါကိုပဲ အဓိက ရည်စူးလုပ်ကြဖို့ လိုတယ်လို့ အန်တီ ထင်တယ်။ အဲတော့ ကိုယ့်အတွင်းမှာပဲ အေးချမ်းမှုရအောင် အရင်ရှာမယ်။ ပြီးတော့မှပဲ တတိုင်းပြည်လုံး အေးချမ်းအောင် လုပ်သင့်တယ်လို့ အန်တီထင်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024