ဖမ်းဆီးခံထားရသည့် စင်ကာပူ ဆယ်ကျော်သက် ပြန်လွှတ်ပေးရန် ဆန္ဒပြ

2K
ခရစ်ယာန်ဘာသာဝင်တွေနဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ စင်ကာပူ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယူကို ပုတ်ခတ် စော်ကားမှုတွေနဲ့ ရုံးတင်ခံထားရတဲ့ စင်ကာပူ ဆယ်ကျော်သက်ကို ပြန်လွှတ်ပေးဖို့ ဇူလိုင် ၅ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
စင်ကာပူနိုင်ငံ၊ Speaker's Corner မှာ ကျင်းပခဲ့တဲ့ ဆန္ဒပြပွဲကို တက်ရောက်သူ ၂၀၀ လောက် ရှိခဲ့ပါတယ်။
စင်ကာပူ ဆယ်ကျော်သက် Amos Yee ဟာ တခြားဘာသာကို ထိခိုက်စော်ကားမှု၊ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယူ ကွယ်လွန်မှုအပေါ်မှာ အောင်ပွဲခံ ပြောဆိုမှုတွေနဲ့ ပြီးခဲ့တဲ့မတ်လက ဖမ်းဆီးခံခဲ့ရတာပါ။
ပြီးခဲ့တဲ့လက ပြစ်မှုထင်ရှားကြောင်း တရားရုံးက စစ်ဆေးဆုံးဖြတ်ခဲ့ပေမယ့် သူ့အပေါ် ပြစ်ဒဏ်စီရင်ခြင်းတော့ မရှိသေးပါဘူး။
သူဟာ အသက် ၁၆ နှစ်ပဲရှိသေးလို့ သူ့အပေါ် ပြစ်မှုတစုံတရာချဖို့ မသင့်လျော်ဘူးလို့လည်း တရားလိုတွေဘက်က ပြောပါတယ်။
စင်ကာပူနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေး ထိခိုက်စော်ကားမှုဟာ ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်တဲ့ပြစ်မှုလည်း ဖြစ်ပါတယ်။
Amos Yee ကို ဖမ်းဆီးရုံးတင်မှုဟာ စင်ကာပူနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူထုလွတ်လပ်ခွင့်တွေအပေါ် ပိတ်ပင်ကန့်သတ်မှု ဖြစ်တယ်ဆိုပြီး စိုးရိမ်မှုတွေရှိခဲ့သလို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကလည်း ပြစ်တင်ဝေဖန်မှုတွေ ရှိလာခဲ့တာပါ။
“စင်ကာပူ လူမှုအသိုင်းအ၀ိုင်းဟာ အခုလို မတူကွဲပြားတဲ့ အယူအဆတွေနဲ့ ဝေဖန်ပြောဆိုမှုတွေ၊ နိုင်ငံရေးအမြင် သဘောထား ကွဲပြားမှုတွေကို ပိုပြီး အသိအမှတ်ပြု လက်ခံဖို့ လိုဦးမယ်လို့ ထင်ပါတယ်။ အခုလို Amos Yee ကို ဖမ်းဆီးရုံးတင်တဲ့ ကိစ္စဟာ တကယ်တော့ ကျမတို့ရဲ့ အခွင့်အရေးတွေကို ကန့်သတ်ချုပ်ချယ်တာ ဖြစ်ပါတယ်။”
Amos Yee ကတော့ သူ့အပေါ် နောက်ဆုံးစွဲဆိုချက် ၂ ခုလုံးအတွက် အပြစ်မရှိဘူးလို့ ပြောဆိုထားပြီး လောလောဆယ် ရမန်နဲ့ ဆက်လက်ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။