ရုရှား ထောက်ပံ့ရေးယာဉ် အာကာသစခန်းနှင့် အောင်အောင်မြင်မြင် ချိတ်ဆက်

1.5K
နိုင်ငံတကာ အာကာသစခန်းကို ရိက္ခာနဲ့ အရေးပေါ်ထောက်ပံ့ပစ္စည်းတွေ သယ်ဆောင်သွားတဲ့ ရုရှား ထောက်ပံ့ရေးယာဉ် ပရောဂရက်စ် ဆစ်တီ (Progress 60) ဟာ တနင်္ဂနွေနေ့က အာကာသစခန်းနဲ့ အောင်အောင်မြင်မြင် ချိတ်ဆက်မိပြီလို့ နာဆာ အာကာသအေဂျင်စီက ထုတ်ပြန်ပါတယ်။
လူလိုက်ပါခြင်းမရှိတဲ့ ဒီသယ်ယူပို့ဆောင်ရေးယာဉ်ကို ရုရှားဒုံးပျံ ဆိုယုဇ် (Soyuz) နဲ့ ဇူလိုင် ၃ ရက် သောကြာနေ့က ကာဇက်စတန် ဂြိုဟ်တုလွှတ်တင်ရေး စခန်းကနေ လွှတ်တင်လိုက်တာပါ။
နိုင်ငံတကာ အာကာသစခန်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အာကာသယာဉ်မှူးတွေအတွက် အစားအသောက်နဲ့ ထောက်ပံ့ရေးပစ္စည်း ၃ တန်ကျော် သယ်ဆောင်သွားတာပါ။
အခုလို အောင်အောင်မြင်မြင် မချိတ်ဆက်နိုင်ခင်က ရုရှားနဲ့ အမေရိကန် ရိက္ခာထောက်ပံ့ရေးဒုံးပျံ ၂ စင်းကို လွှတ်တင်ခဲ့ပေမယ့် ၂ ကြိမ်လုံး မအောင်မြင်ခဲ့ပါဘူး။
ပြီးခဲ့တဲ့ ဧပြီလက ရုရှားနိုင်ငံက လွှတ်တင်ခဲ့တဲ့ ပရောဂရက်စ် ဖစ်ဖ်တီနိုင်း (Progress 59) ဟာ လမ်းမှာ အချိတ်အဆက် လွဲခဲ့ပြီး ကမ္ဘာမြေပေါ် ပြန်အကျ မီးလောင်ပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့လမှာပဲ အမေရိကန်နိုင်ငံရဲ့ ဖယ်လ်ကွန် နိုင်း (Falcon 9) ဒုံးပျံဟာလည်း လွှတ်တင်ပြီး ၂ မိနစ်ကျော်မှာ လမ်းမှာတင် ပေါက်ကွဲပျက်စီးသွားခဲ့ပါတယ်။
ဒုံးပျံပေါက်ကွဲရခြင်း အကြောင်းကို အမေရိကန် လေကြောင်းအာဏာပိုင်တွေက စုံစမ်းနေဆဲလည်း ဖြစ်ပါတယ်။