A d v e r t i s e m e n t With Us

ကရင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် ဒေသခံတောင်သူများ အခက်ကြုံ (ရုပ်သံ)

ကရင်ပြည်နယ်ထဲမှာ အစိုးရတပ်နဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (ဒီကေဘီအေ) တပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ဒေသခံတောင်သူ လက်လုပ်လက်စားသမားတွေ အခက်တွေ့နေကြပါတယ်။ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မြဝတီလမ်းပိုင်းမှာ အစိုးရတပ်နဲ့ ဒီကေဘီအေ တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေဟာ အထိတ်တလန့် ဖြစ်နေရသလို စားဝတ်နေရေးအတွက် ရှာဖွေရာမှာလည်း အခက်တွေ့နေကြရတာပါ။ ပုံမှန်လုပ်ကိုင်နေတဲ့ လယ်လုပ်တာ၊ မျှစ်ချိုးတာနဲ့ ဈေးရောင်းတာတွေလည်း မလုပ်နိုင်ဘဲ အခက်ကြုံနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ “ဈေးတို့၊ ဘာတို့ ထွက်ပြီးတော့ မရောင်းရဲတော့ဘူးပေါ့။ နောက်ပြီးတော့လည်း တောထဲမှာ မျှစ်ချိုး ဘာချိုးတာတွေ မသွားရဲ၊ မလုပ်စားရဲတော့ဘူး။ ဝါးခုတ် ဘာခုတ် မသွားရဲတော့ဘူးပေါ့။ အခက်အခဲတွေကတော့ ဖြစ်တာပေါ့။ စားဝတ်နေရေး အကျပ်အတည်း ဖြစ်တယ်ပေါ့။ သူတို့ ပစ်နေကြ ခတ်နေကြတော့ သားတို့ မသွားရဲ မလာရဲဘူးပေါ့။ အခု မြက်ခုတ်တာတောင် နားနေရပါတယ်။ အခုတပ်တွေ ချထားတယ်ဆိုတော့ မသွားရဲဘူး ဖြစ်တာပေါ့။” တိုက်ပွဲတွေ ရပ်တန့်ဖို့ နှစ်ဘက်ကိုယ်စားလှယ်တွေ ကော့ကရိတ်မြို့မှာ ဆွေးနွေးတာတွေ ရှိခဲ့ပေမယ့် အောက်ခြေမှာ သေနတ်သံတွေ မတိတ်သေးတာကြောင့် လမ်းအသုံးပြုတဲ့ ပြည်သူတွေအနေနဲ့ စိုးရိမ်မှုတွေ ရှိနေတာပါ။ ဆိုင်ကယ်အချို့ သွားလာတာတွေ ရှိပေမယ့် ကားတွေကတော့ မသွားရဲကြသေးပါဘူး။ ကုန်တင်ကားမောင်းတဲ့ ယာဉ်မောင်း ကိုညီညီက “အားလုံးပဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရှောရှောရှူရှူပဲ သွားလာချင်တယ်ဗျာ။ ဘယ်နေရာပဲသွားသွား ဒီလိုကြီးပဲ ဖြစ်နေတယ်ဗျ၊ ရှမ်းပြည်မြောက်ပိုင်းမှာလည်း ဒီလိုပဲ။ အခု ဒီဘက်လာတော့လည်း ဒီလိုပဲ။ ရှမ်းပြည်မြောက်ပိုင်းက ပစ်လို့ ဒီဘက်တက်လာတော့ တခါပစ်လို့ ပိတ်ထားရပြန်တယ်။ ဘယ်လိုဖြစ် လုပ်စားတာ ကွင်းကျဉ်းကုန်တာပေါ့။” လို့ ပြောပါတယ်။ မြ၀တီ - ကော့ကရိတ် အာရှလမ်းပိုင်းမှာ တပ်စွဲထားတဲ့ ဒီကေဘီအေတပ်ဖွဲ့နဲ့ အစိုးရတပ်တွေအကြား ပြီးခဲ့တဲ့ ဇူလိုင် ၂  ရက်နေ့က တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။ အာရှအဝေးပြေးလမ်းမပေါ်မှာ ချထားတဲ့ ဒီကေဘီအေဂိတ်တွေကို အစိုးရတပ်က ဖယ်ရှားပေးဖို့ ပြောဆိုရာကနေ အဆင်မပြေတာကြောင့် နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ မြန်မာဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်း မဲဆောက်မှာ လျှပ်တပြက် စီးနင်းတိုက်ခိုက်ရေး တပ်ဖွဲ့ဝင်တွေကို ထိုင်းစစ်တပ်က ဇူလိုင် ၄ ရက်နေ့မှာ ချထားလိုက်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up