A d v e r t i s e m e n t With Us

တရုတ်-ဂျပန် စစ်ပြီးဆုံးခြင်း အထိမ်းအမှတ် ထိုင်ဝမ် စစ်ရေးပြ (ရုပ်သံ)

တရုတ်-ဂျပန် စစ်ပြီးဆုံးခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် ထိုင်ဝမ်မှာ စစ်ရေးပြ အခမ်းအနားတခုကို ဇူလိုင် ၄ ရက်နေ့က  ပြုလုပ်ခဲ့ပါတယ်။ ထိုင်ဝမ်စစ်တပ်သုံး ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေနဲ့ စစ်မြေပြင်သုံး ယာဉ်တွေကို ပွဲထုတ်တဲ့ အခမ်းအနားလည်း ဖြစ်ပါတယ်။ အခမ်းအနားအဖွင့် သမ္မတ မာယင်ကျိုးက မိန့်ခွန်းပြောကြားရာမှာ စစ်အတွင်းက ဗိုလ်ချုပ်ကြီး ချန်ကေရှိတ်ရဲ့ ဦးဆောင်မှုကို ချီးကျူးစကား ဆိုပါတယ်။ ၈ နှစ်ကြာခဲ့တဲ့ တရုတ် - ဂျပန်စစ်ပွဲမှာ တရုတ်သမ္မတနိုင်ငံကို ဦးဆောင်ခဲ့တယ်၊ ခုခံစစ်ပွဲ အောင်မြင်ရတဲ့ အကြောင်းဟာ ပြည်သူတွေရဲ့ ရဲရင့်မှုနဲ့ ဗိုလ်ချုပ်ကြီး ချန်ကေရှိတ်ရဲ့ ဦးဆောင်မှုကြောင့် ဖြစ်တယ်လို့ ထိုင်ဝမ်သမ္မတက ဆိုပါတယ်။ တရုတ်ပြည်မကြီး အစိုးရကလည်း နောက် ၂ လကျရင်  ဒုတိယကမ္ဘာစစ် ပြီးဆုံးခြင်း နှစ် ၇၀ ပြည့် စစ်ရေးပြ အခမ်းအနားကို ကျင်းပဖို့ စီစဉ်နေပြီး ထိုင်ဝမ်မှာ နေထိုင်နေတဲ့ စစ်ပြန်ကြီးတွေကိုလည်း အခမ်းအနားတက်ဖို့ ဖိတ်ကြားထားပါတယ်။ တရုတ်အစိုးရက ဂျပန်တော်လှန်ရေးသမိုင်းကို ပြည်သူတွေ အမြဲ အောက်မေ့သတိရစေချင်ပေမယ့် တကယ့် တော်လှန်ရေး ကာလတုန်းက ဗိုလ်ချုပ်ကြီး ချန်ကေရှိတ် ဦးဆောင်တဲ့ တပ်တွေ အဓိက တိုက်ခိုက်ရတာက သမိုင်း ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် ပြီးတဲ့အခါမှာတော့ တရုတ်ပြည်မမှာ ကွန်မြူနစ်တွေနဲ့ အမျိုးသားရေးဝါဒီတို့ အပြန်အလှန် တိုက်ခိုက်ကြတဲ့ ပြည်တွင်းစစ် ဆက်ဖြစ်ခဲ့ပြီး ဗိုလ်ချုပ်ကြီး ချန်ကေရှိတ် ဦးဆောင်တဲ့ အမျိုးသားရေးဝါဒီတွေ ထိုင်ဝမ်ကို ဆုတ်သွားတဲ့အခါမှ အဆုံးသတ်သွားခဲ့ပါတယ်။ ၁၈၉၅ ကနေ ၁၉၄၅ ခုနှစ်အထိ ထိုင်ဝမ်ကျွန်းကို ဂျပန်ခေတ် အုပ်ချုပ်ခဲ့တဲ့ ကာလဟာလည်း  ဂျပန်ခေတ် တရုတ်ပြည်နဲ့ ကိုရီးယားပြည်က အခြေအနေမျိုးလို မဟုတ်ဘဲ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်ခဲ့တဲ့ သမိုင်းကြောင်း ရှိပါတယ်။ ဒီနေ့ခေတ်မှာတော့ ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးတို့ဟာ သီးခြားစီ အုပ်ချုပ်နေပေမယ့် တရုတ်ပြည်မ ကွန်မြူနစ်အစိုးရကတော့ ထိုင်ဝမ်ကို တရုတ်ပိုင် နယ်မြေတခုအဖြစ် ကြွေးကြော်နေတုန်းပါပဲ။ ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးတို့ ကြားမှာလည်း တရားဝင် စစ်ပြီးဆုံးခြင်း စာချုပ် ချုပ်ဆိုထားတာ မရှိပါဘူး။ လက်ရှိ ထိုင်ဝမ်သမ္မတဟာ ၂၀၀၈ ခုနှစ်မှာ အာဏာရလာပြီး တရုတ်ပြည်မကြီး အစိုးရနဲ့ ဆက်ဆံရေးကောင်းသူ ဖြစ်တဲ့အတိုင်း သူ့လက်ထက်မှာ သမိုင်းဝင် ကုန်သွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ သဘောတူ စာချုပ်တွေ အမြောက်အမြားကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီမိုကရက်တစ် ထိုင်ဝမ်နဲ့ ကွန်မြူနစ် တရုတ်ပြည်မကြီးတို့ အကြားမှာ နိုင်ငံရေးနဲ့ စစ်ရေးကိစ္စတွေ ပတ်သက်လာရင် မယုံသင်္ကာ ဖြစ်မှုတွေကတော့ အခုအချိန်ထိလည်း ဆက်ရှိနေတုန်းပါပဲ။

A d v e r t i s e m e n t With Us

More News
Up