တောင်အမေရိကခရီးစဉ် စတင်ခဲ့သည့် ပုပ်ရဟန်းမင်းကြီး အီကွေဒေါနိုင်ငံရောက်ရှိ

ဓာတ်ပုံ - ရိုက်တာ
1.2K
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ ၇ ရက်ကြာ တောင်အမေရိကခရီးစဉ်ကို ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့က စတင်ခဲ့ပြီး ခရီးစဉ်ရဲ့ ပထမဆုံးနိုင်ငံဖြစ်တဲ့ အီကွေဒေါနိုင်ငံကို ရောက်ရှိလာပါတယ်။
တောင်အမေရိကတိုက်ရဲ့ အဆင်းရဲဆုံး နိုင်ငံတွေကို သွားရောက်တဲ့ ခရီးစဉ်အတွင်း ဆင်းရဲမွဲတေမှုနဲ့ တရားမမျှတမှုတွေကို တိုက်ဖျက်ဖို့ ပုပ်ရဟန်းမင်းကြီးက အလေးထား ပြောဆိုမယ်လို့ ဗာတီကန်နန်းတော်က ထုတ်ပြန်ပါတယ်။
အီကွေဒေါနိုင်ငံပြီးရင် ဘိုလီးဗီးယားနဲ့ ပါရာဂွေးနိုင်ငံတွေကို ခရီးဆက်မှာဖြစ်ပြီး မွေးရပ်မြေ အာဂျင်တီးနားနိုင်ငံကိုတော့ ၀င်ရောက်မှာ မဟုတ်ပါဘူး။
ဒါဟာ နိုင်ငံကြီးတွေထက် ဆင်းရဲသေးငယ်တဲ့ နိုင်ငံတွေကို ပုပ်ရဟန်းမင်းကြီးက ပိုအလေးထားတယ်ဆိုတာကို ပြသတာ ဖြစ်တယ်လို့ ဗာတီကန်နန်းတော်က ဆိုပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ တောင်အမေရိကတိုက်ကနေ ပထမဆုံး ပုပ်ရဟန်းမင်းကြီး ဖြစ်လာသူလည်း ဖြစ်ပါတယ်။
တောင်အမေရိကနိုင်ငံတွေဟာ ကမ္ဘာမှာ တရားမျှတမှု အကင်းမဲ့ဆုံးနိုင်ငံတွေ ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီး မဖြစ်လာခင် ၂၀၀၇ ခုနှစ်က တောင်အမေရိက ခရစ်ယာန်သာသနာ ဂိုဏ်းအုပ်များ ညီလာခံမှာ ဝေဖန် ထောက်ပြ ပြောဆိုခဲ့တာပါ။
၂၀၁၃ ခုနှစ်က ပထမအကြိမ် တောင်အမေရိက ခရီးစဉ်တုန်းက ဘရာဇီးနိုင်ငံ ကိုပါကာဘာနာ (Copacabana) ကမ်းခြေမှာ သန်းနဲ့ချီတဲ့ ပြည်သူတွေကို တရားဟောကြားခဲ့ပါသေးတယ်။
လာမယ့် စက်တင်ဘာလမှာ ကျူးဘားနဲ့ အမေရိကန်နိုင်ငံကို သွားရောက်ဖို့ ခရီးစဉ်လည်း ရှိပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ ကမ္ဘာ့ဆင်းရဲမွဲတေမှုနဲ့ မတရားမှုတွေအပေါ်မှာ အထူးအလေးထား ဝေဖန်ထောက်ပြသူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကလည်း အမေရိကန်နဲ့ ကျူးဘားနိုင်ငံ သံတမန်အဆက်အသွယ် ပုံမှန်ပြန်ထားဖို့ အဓိက စေ့စပ်ပေးခဲ့သူ ဖြစ်ပါတယ်။