အနည်းဆုံး တရက်လုပ်အားခ ၃၆၀၀ ကျပ် အလုပ်သမားများဘက်မှ လက်ခံ

အစိုးရ သတ်မှတ်ပေးလိုက်တဲ့ အနည်းဆုံး အခကြေးငွေအဖြစ် တရက်ကို ကျပ် ၃၆၀၀ နှုန်းကို အလုပ်သမားတွေဘက်က လက်ခံကြောင်း မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) က ပြောဆိုလိုက်ပါတယ်။
ဇူလိုင် ၅ ရက်နေ့က လှိုင်သာယာမြို့နယ်မှာ CTUM ကျောင်းမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆို သွားတာပါ။ ကျပ် ၃၆၀၀ နှုန်းထားအပေါ် အထည်ချုပ် စက်ရုံ ၉၀ လောက်က လုပ်ငန်းရှင်တွေကပေးဖို့ ငြင်းဆန်ထားပြီး စက်ရုံတွေကို ပိတ်ပစ်မယ်လို့ ပြောဆိုထားပါတယ်။
အစိုးရက ဖွဲ့စည်းထားတဲ့ အနည်းဆုံး အခကြေးငွေး သတ်မှတ်ခြင်း ဆိုင်ရာ အမျိုးသားကော်မတီက တရက်ကို ကျပ် ၃၆၀၀ ပေးဖို့ ဇွန် ၂၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ လုပ်ငန်းရှင်တွေဘက်ကတော့ တရက်ကို ကျပ် ၂၅၀၀ ပေးဖို့ အဆိုပြုထားပြီး အလုပ်သမားအဖွဲ့ ၅ ဖွဲ့ကတော့ ကျပ် ၃၆၀၀ နှုန်းကို နောက်ဆုံး အဆင့်အဖြစ် လက်ခံပြီး ညှိနှိုင်းဖို့ မရှိတော့ဘူးလို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
အစိုးရ သတ်မှတ်တဲ့ နှုန်းထားကို မကျေနပ်ရင် နှစ်ပတ်အတွင်း ကန့်ကွက်နိုင်မှာ ဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့မှာ သတ်မှတ်ထားတဲ့အချိန် ရက်စေ့မှာ ဖြစ်ပါတယ်။ အထည်ချုပ် စက်ရုံ ၉၀ ကျော်လောက်သာ ပိတ်သိမ်းသွားရင် အလုပ်သမား ၂ သိန်းကျော် အလုပ်လက်မဲ့ ဖြစ်သွားနိုင်ပါတယ်။