စင်ကာပူ ရုက္ခဗေဒဥယျာဉ်များကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ် (ရုပ်သံ)

စင်ကာပူနိုင်ငံမှာရှိတဲ့ ရုက္ခဗေဒဥယျာဉ်တွေကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်တခုအဖြစ် ယူနက်စကိုက သတ်မှတ်လိုက်ပါတယ်။ ဂျာမနီနိုင်ငံမှာ ပြုလုပ်နေတဲ့ ယူနက်စကိုအဖွဲ့ရဲ့ အစည်းအဝေးက သတ်မှတ်လိုက်တဲ့  ကမ္ဘာ့အမွေအနှစ် ယာဉ်ကျေးမှုနယ်မြေ ၆ ခုစာရင်းမှာ တရုတ်၊ အီရန်၊ မွန်ဂိုလီးယားနဲ့ စင်ကာပူက နယ်မြေတွေ ပါဝင်ပါတယ်။ စင်ကာပူက ရုက္ခဗေဒ ဥယျာဉ်တွေဟာ ယူနက်စကိုရဲ့ ယဉ်ကျေးမှုနယ်မြေစာရင်းမှာ  ပါဝင်လာတဲ့ ပထမဆုံး အပူပိုင်းဒေသ ရုက္ခဗေဒ ဥယျာဉ်တွေ ဖြစ်သလို အာရှမှာလည်း အစောဆုံး ဖြစ်တယ်လို့ ဥယျာဉ်ရဲ့ ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ စင်ကာပူရဲ့ ရုက္ခဗေဒဥယျာဉ်ဟာ အထူးသဖြင့် တနင်္ဂနွေနေ့တွေမှာ ကမ္ဘာလှည့် ခရီးသွားတွေသာမက မြို့ခံတွေပါ အလည်အပတ်သွားတဲ့နေရာ ဖြစ်ပါတယ်။ အခုလို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ဖြစ်သွားတဲ့အတွက် စင်ကာပူနိုင်ငံသားတွေက ဂုဏ်ယူနေကြပါတယ်။ စင်ကာပူဝန်ကြီးချုပ်ကလည်း အခုလို သတ်မှတ်ခံရတာဟာ စင်ကာပူနိုင်ငံ လွတ်လပ်ရေး  နှစ် ၅၀ ပြည့်တဲ့အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ရရှိတဲ့ လက်ဆောင်မွန် ဖြစ်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက် စာမျက်နှာမှာ ရေးသားထားပါတယ်။ စင်ကာပူ ရုက္ခဗေဒဥယျာဉ်ကို ၁၈၅၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး အမျိုးသားဥယျာဉ် ဘုတ်အဖွဲ့ရဲ့ စီမံကွပ်ကွဲမှုအောက်မှာ ရှိပါတယ်။ ဥယျာဉ်ထဲမှာ အပင်မျိုးကွဲ မျိုးစုံနဲ့ အဆောက်အဦ မျိုးစုံရှိပြီး အချိန်နဲ့အမျှ ပြောင်းလဲလာမှုကို ပြသနေတယ်လို့ ယူနက်စကိုက ဆိုပါတယ်။ ဒါ့အပြင် သုတေသနလုပ်ငန်းနဲ့ ထိန်းသိမ်းရေး အပိုင်းကိုလည်း ချီးကျူးထားပါတယ်။ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်ဆိုင်ရာ အစည်းအဝေးကို ဇွန် ၂၈ ရက်နေ့က စတင်ခဲ့ပြီး ဇူလိုင် ၈ ရက်နေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up