အီရန် နျူကလီးယားအရေး ဆွေးနွေးပွဲ သဘောတူညီချက် မရသေး

အမေရိကန်နှင့် အီရန် နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေးနေစဉ်။ (ဓာတ်ပုံ - ရိုက်တာ)
1.5K
အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံတို့ အီရန် နျူကလီးယားအရေး ဆွေးနွေးနေတာ နောက်ဆုံးရက်ကို ရောက်လာပေမယ့် ခက်ခဲတဲ့ကိစ္စ အတော်များများမှာ သဘောတူညီချက် မရရှိသေးဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။
ကျန်ခဲ့တဲ့ ရက်တွေမှာ တိုးတက်မှုတွေ ရှိခဲ့ပေမယ့် အခက်ခဲဆုံး ကိစ္စတွေကို ညှိနှိုင်းမရ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ကျန်နေသေးတဲ့အချိန်မှာ ခက်ခဲတဲ့ ရွေးချယ်မှုတွေကို လုပ်ရင် အပြီးသတ် သဘောတူညီချက် ရသွားနိုင်ပေမယ့် ဒီလိုမှ မဟုတ်ရင်တော့ အဖြေမထွက်နိုင်ဘူးလို့ ဂျွန်ကယ်ရီက သြစတြီးယားနိုင်ငံ ဗီယင်နာက သတင်းစာရှင်းလင်ပွဲမှာ ပြောပါတယ်။
လောလောဆယ်မှာတော့ သင့်တင့်မျှတတဲ့ သဘောတူညီချက်တခုကို အားလုံး သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်းမှာ ရရှိအောင် ကြိုးစားနေဆဲပဲလို့လည်း အီရန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံအပြီးမှာ ဂျွန်ကယ်ရီက သတင်းထောက်တွေကို ပြောပါတယ်။
ဥရောပ နိုင်ငံခြားရေးရာမူဝါဒ အကြီးအကဲ ဖက်ဒရီကာ မိုဂရီနီကလည်း သဘောတူညီချက် ရဖို့အတွက် နိုင်ငံရေးအရ ဆုံးဖြတ်ရမယ့် အချိန်ကာလ ရောက်နေပြီလို့ သတိပေးပါတယ်။
ဇူလိုင် ၆ ရက် ဒီနေ့မှာ နိုင်ငံခြားရေးဝန်ကြီးတွေ နောက်ထပ်တွေ့ဖို့ ရှိပါတယ်။ အခြေအနေတွေ မရေမရာ ဖြစ်နေပေမယ့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီကတော့ အကောင်းမြင်တယ်လို့ ပြောထားပါတယ်။
တကယ်လက်တွေ့မှာတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းမယ့် အချိန်ကာလ၊ အတိုင်းအတာနဲ့ ပတ်သက်လို့ သဘောထား ကွာဟနေတုန်းပါပဲ။
အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံတို့ ကြားမှာ ဆွေးနွေးပွဲဟာ နောက်ဆုံးရက် သတ်မှတ်ခဲ့တဲ့ ဇွန် ၃၀ ကျော်လွန်ခဲ့ပြီး ဇူလိုင် ၇ ရက်နေ့အထိ ရက်တိုး ဆွေးနွေးနေတာ ဖြစ်ပါတယ်။